မုံရွာ၌ လျှပ်စစ်မီးပြတ်တောက်ချိန် သုံးရက်ကြာမြင့်နေ၍ ဒေသခံများ အခက်ကြုံနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ လျှပ်စစ်မီးပြတ်တောက်နေသည်မှာ ယနေ့အထိသုံးရက်ကြာမြင့်နေ၍ အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံများက ယနေ့ခေတ်သို့ ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ ညပိုင်းမှစ၍ မုံရွာမြို့နယ်တစ်ခုလုံး၌ လျှပ်စစ်မီးပြတ်တောက်ခဲ့ရာမှ ယနေ့အထိ မီးမလာသေးကြောင်း သိရသည်။

“ မီးတိုင်လဲသွားတာလို့ ပြောတယ်။ ဒီနေ့အထိဆို သုံးရက်ရှိပြီ။ တစ်ရက်နေ့ ည ၁၁ နာရီခွဲထဲကပြတ်တာ။ အခုထိမီးမလာသေးတာ။” ဟု မုံရွာမြို့၌ နေထိုင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။

ယနေ့အထိ မီးပြတ်တောက်​နေ၍ ဒေသခံအများအပြားမှာ လျှပ်စစ်ပစ္စည်းများ အားသွင်း၍မရသည့် အခက်အခဲများကို အဓိကရင်ဆိုင်နေရပြီး သုံးရေတင်မရသည့် အခက်အခဲအပါအဝင် အခက်အခဲမျိုးစုံအား ကြုံတွေ့နေရကြောင်း သိရသည်။

“ ဖုန်းအားသွင်းမရလို့ အလုပ်တောင် လုပ်လို့မရဘူး။ မီးပြတ်တာကြာလာတော့ ပါဝါဘန့်တွေ၊ အားသွင်းမီးချောင်းတွေလည်း အား, လုံးဝကိုမကျန်တော့ဘူး။ ညဘက်ဆိုရင် အမှောင်ထဲနေနေရတယ်။” ဟု မုံရွာမြို့ခံ လူငယ်တစ်ဦးက ပြောကြားသည်။

ထို့ပြင် မုံရွာမြို့၌နေထိုင်သည့် အိမ်ရှင်မတစ်ဦးက “ ပုံမှန်ဆိုရင်တော့ လျှပ်စစ်မီးနဲ့ ချက်ပြုတ်တာပေါ့။ အခုက မီးပြတ်တာကြာလာတော့ ဂတ်စ်နဲ့ ပြောင်းချက်မလို့။ လျှပ်စစ်မီးမရ တော့ အများစုက ဂတ်စ်နဲ့ပဲ ပြောင်းချက်လာကြတယ်။ မီးပြတ်တဲ့ရက်ကြာလာရင် အိမ်သုံးဂတ်စ် စျေးနှုန်းတွေတောင် ထပ်တက်လာနိုင်တယ်။” ဟု ဆိုသည်။

ထိုသို့ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေ၍ မုံရွာမြို့အခြေစိုက် လူမှုကူညီရေးအသင်းအချို့နှင့် တစ်နိုင်တစ်ပိုင်ကူညီသူအချို့က ရပ်ကွက်အချို့တွင် မီးစက်မောင်းကာ ဖုန်းအားသွင်းရန်နှင့် ရေတင်နိုင်ရန် ကူညီပေးလျက်ရှိနေကြောင်း သိရသည်။

“ မနေ့ကစပြီး မီးစက်နှစ်လုံးနဲ့ ရပ်ကွက်တွေကို လိုက်ပြီးရေမောင်းပေးတယ်။ ရေမောင်းပေးရင်း ဖုန်းအားပေးသွင်းပါတယ်။ ရေမောင်းသူက ကုန်တဲ့ဆီ ပြန်ထည့်ပေးပြီး၊ ဖုန်းတွေကိုတော့ ရေတင်နေချိန်မှာ ရပ်ကွက်အတွင်းက မည်သူမဆိုကို အခမဲ့အားသွင်းပေးပါတယ်။ တစ်နေကုန်ကို ကူညီပေးနေတာပါ။ မီးစက်တွေကို ကားပေါ်တင်ပြီး လိုက်ကူညီတာ။” ဟု မုံရွာမြို့အခြေစိုက် သမာဓိနှလုံးသား လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

ထိုသို့ကူညီမှုကို ယမန်နေ့က မုံရွာမြို့၊ မင်းဒေါင့်ရပ်ကွက်တွင် ကူညီပေးခဲ့ပြီး၊ ယနေ့တွင်လည်း ထပ်မံကူညီပေးမည်ဖြစ်ကာ၊ အကူအညီလိုအပ်ပါက တောင်းခံနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဖေဖော်ဝါရီ ၁ ရက်၊ ညပိုင်းက မုံရွာမြို့အနောက်ဘက်ခြမ်း၊ ဆားလင်းကြီးမြို့ နယ်၊ ညောင်ပင်ကြီးကျေးရွာရှိ လျှပ်စစ်တာဝါတိုင်တစ်ခု မိုင်းဖောက်ခွဲခံရ၍ မုံရွာမြို့နယ်အပါအဝင် အနီးဝန်းကျင်မြို့နယ်အချို့တွင် လျှပ်စစ်မီးပြတ်တောက်နေခြင်းဟု သိရသည်။

ထို့ပြင် ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ လျှပ်စစ်ရုံးအဖွဲ့မှ ဝန်ထမ်းအချို့ ပျက်စီးသွားသည့်တာဝါတိုင်အား သွားရောက်ပြုပြင်စဉ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ပစ်ခတ်မှုကိုခံရကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လာမည့်ရက်ပိုင်းအထိ လျှပ်စစ်မီးပြတ်တောက်နိုင်၍ အခက်အခဲများ ပိုမိုကြုံတွေ့ရနိုင်ကြောင်း မုံရွာမြို့ခံများက ဆိုသည်။

ပြီးခဲ့သည့်နှစ်၊ ဧပြီလနှင့် မေလတို့တွင် မုံရွာမြို့ပေါ်၌ တစ်နေ့လျှင် လျှပ်စစ်မီး နှစ်နာရီသာရရှိ၍ ဒေသခံများ အခက်အခဲမျိုးစုံကြုံခဲ့ရကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – သမာဓိနှလုံးသား လူမှုကူညီရေးအသင်း

ပုံစာ- ပျက််စီးသွားသည့် တာဝါတိုင်နှင့် ယမန်နေ့က မုံရွာမြို့ခံများ ဖုန်းအားသွင်းထားစဉ်။

#ယနေ့ခေတ်

မုံရွာ၌ လျှပ်စစ်မီးပြတ်တောက်ချိန် သုံးရက်ကြာမြင့်နေ၍ ဒေသခံများ အခက်ကြုံနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.