ရန်ကုန်၊ ဩဂုတ် ၁၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ ဓားပြမှုတစ်ခုဖြစ်ပွားခဲ့ပြီး မီးဖွားရန် ရက်ပိုင်းသာလိုတော့သည့် ကိုယ်ဝန်ဆောင်တစ်ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း PDF အဖွဲ့တစ်ခု၏ လူမှုကွန်ရက် ပေါ်တွင် တိုက်ရိုက်ထုတ်လွင့်မှုအရ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၁၀ ရက်၊ မွန်းလွဲ ၃ နာရီခန့်က မုံရွာမြို့၊ ထန်းတောအင်းဖြတ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်သို့ လူတစ်စုမှ ဝင်ရောက်စီးနင်းကာ ဓားပြတိုက်ခဲ့ပြီး ဖုန်းနှစ်လုံးနှင့် ဆိုင်ကယ်တစ်စီးတို့ကို လုယူကာ အသင့်ယူဆောင်လာသည့် သေနတ်ဖြင့် အိမ်ရှင်မိသားစုများကို ပစ်ခတ်ခဲ့သဖြင့် အသက် ၂၄ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ကျည်ထိ မှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့သည့် အမျိုးသမီးမှာ မီးဖွားရန် သုံးရက်ခန့်သာလိုတော့သည့် ကိုယ်ဝန်ဆောင်တစ်ဦး ဖြစ်ပြီး အွန်လိုင်းတွင် အဝတ်အထည်နှင့် လူသုံးကုန်များ ရောင်းချ သူ တစ်ဦးဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ ၁၁ ရက်၊ နံနက်ပိုင်းတွင် မုံရွာအခြေစိုက် PDF အဖွဲ့တစ်ခုဖြစ်သည့် MPDF ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူမှ လူ ၇ ယောက်ကို မျက်လုံးအဝတ်ဖြင့်စီး၍ ကြိုးတုပ်ဖမ်းဆီးထား သည့် ရုပ်သံဖိုင်တစ်ခုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး အဆိုပါ လူ ၇ ယောက်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်သူ သေဆုံးစေခဲ့သည့် ဓားပြမှုအား ကျူးလွန်ခဲ့သူများဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“ ဘွားတော်ကြီးကိုပစ်တာ ဘွားတော်ကြီးက မသေဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီးလေးက သေသွားတယ်။ သူ့ဗိုက်ထဲက ကလေးလေးလည်း သေသွားတယ်။ ငါပြောတာ အဲ့ ကောင်မလေးမှာ ဘာအပြစ်ရှိလို့လဲ။ မင်းတို့ဘာလို့ အဲ့လိုပစ်တာလဲ၊ ဘယ်စိတ်နဲ့ ပစ်တာလဲ၊ ကိုယ်ဝန်ဆောင်မှန်း မင်းတို့မသိဘူးလား၊ စောက်တော်လှန်ရေးကို ပုံဖျက်နေတဲ့ကောင် တွေ” ဟု MPDF အဖွဲ့ဝင်တစ်ဦးမှ ဖမ်းဆီးထားသူများကို ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ နစကဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ MPDF ဘက်မှ တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် ဖြစ်စဉ်၏ တစ်ချို့တစ်ဝက်ကို သိရခြင်းဖြစ် သည်။
ယခုဖြစ်စဉ်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဘဲ အသေးစိတ်ကိုသိရှိနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။
လင်းခေါင်
Photo: လူမှုကွန်ရက်
မုံရွာ၌ ဓားပြမှုဖြစ်ပွားကာ မီးဖွားခါနီး ကိုယ်ဝန်ဆောင်တစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်