ရန်ကုန်၊ ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုံရပ်ကွက်၊ စွယ်တော်လမ်း၊ ဝါဂွမ်းကြိတ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး စက်ရုံအဆောက်အဦနှင့် စက်ပစ္စည်းများမီးလောင်ပျက်စီးခဲ့ပြီး ကျပ်သိန်း ၄၀၀ ခန့်ဆုံးရှုံးခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
ဒီဇင်ဘာ ၂ ရက်၊ နံနက်အစောပိုင်းက ရွှေခြူး ဂွမ်းဖက်ထုတ်စက်ရုံတွင် ဂွမ်းကြိတ်စက်မှစပြီး မီးလောင်ခဲ့ကြောင်း စက်ရုံအတွင်းကူးစက်လောင်ကျွမ်းခဲ့ကာ အချိန် ၂ နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောသည်။
“ စက်ရုံဆိုတော့ ပျက်စီးတာများသွားတာ။ ဂွမ်းကြိတ်တဲ့စက်လည်ပတ်နေတုန်းမှာ ကျောက်ခဲညပ်ပြီး မီးပွားထွက်ပြီး မီးကူးသွားတာကြောင့် မီးလောင်မှုဖြစ်တာ။” ဟု ၎င်းကဆက်ပြောသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာကို မုံရွာမြို့နယ်၊ ခရိုင်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံများဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။
မီးလောင်မှုကြောင့် လူထိခိုက်ခြင်းမရှိခဲ့ဘဲ စက်ရုံအတွင်းရှိ ဂိုထောင်တစ်လုံး၊ ဝါဂွမ်းများ၊ စက်ပစ္စည်းများ ခန့်မှန်းကာလတန်ဖိုး ကျပ်သိန်း ၄၀၀ ကျော်ဆုံးရှုံးမှုရှိခဲ့ကြောင်း သိရ သည်။
အဆိုပါ စက်ရုံသည် ဝါဝွမ်းဖက်များကိုကြိတ်ချေပြီး ကုန်ကြမ်းအဖြစ်ထုတ်လုပ်ကာ မွေ့ယာ၊ ခေါင်းအုံးစသည့် ကုန်ချောထုတ်သည့်စက်ရုံများကို တစ်ဆင့်ပြန်လည်ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်ကလည်း မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ လမ်းသွယ် (၂) ရှိ လူနေအိမ်တစ်လုံး လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပြီး နေအိမ်နှစ်လုံး မီးလောင်ပျက်စီးသွားခဲ့သေးကြောင်း သိရသည်။
#ခန့်ခန့်
Photo -CJ
#ယနေ့ခေတ်
မုံရွာမြို့ ဝါဂွမ်းကြိတ်စက်ရုံမီးလောင် ကျပ်သိန်း ၄၀၀ ခန့်ဆုံးရှုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်