ရန်ကုန်၊ ဒီဇင်ဘာ ၄
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၌ နှစ်ရက်ကြာဖြစ်ပွားသည့်တိုက်ပွဲ ပြင်းထန်နေပြီး ဒေသခံထောင်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၃ ရက်၊ နံနက်အစောပိုင်းမှစတင်၍ မုန်းမြို့ရှိ တပ်စခန်းအချို့နှင့် ရဲစခန်းအချို့ကို KNU နှင့် PDF ပူးပေါင်းအဖွဲ့များက စတင်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
တိုက်ပွဲများကြောင့် မုန်းမြို့နှင့် အနီးတဝိုက်ကျေးရွာများတွင်နေထိုင်သူ ဒေသခံထောင်ချီမှာ ဘေးလွတ်ရာနေရာများတွင် ရွေ့ပြောင်းနေထိုင်နေရကြောင်း သိရသည်။
“ မုန်းမြို့ဝင်နားက ခမရ ၅၉၉ တပ်နား၊ မုန်းမြို့ထဲက ရဲစခန်းနဲ့ ဖြူးဘက်ကနေလာတဲ့လမ်းပေါ်က ရဲကင်းတချို့နားမှာ အပြန်အလှန်တိုက်ပွဲဖြစ်နေတာ။ လက်နက်ကြီးနဲ့ပစ်တာရော၊ လေကြောင်းတိုက်တာတွေကြောင့်ပါ ဒေသခံအားလုံးနီးပါး ထွက်ပြေးရတာ။ ခန့်မှန်းလူဦးရေက တစ်ထောင်ကျော်လောက်တော့ရှိမယ်။ ဒီမနက်အထိလည်း မြို့ထဲမှာ ကျန်ခဲ့တဲ့သူ တွေ ထပ်ပြီးစစ်ရှောင်နေရတုန်းပဲ။” ဟု ဒေသတွင်းရှိ စစ်ရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။
တိုက်ပွဲများကြောင့် မုန်းမြို့နယ်တွင် နေထိုင်သူအများစုမှာ ညောင်လေးပင်မြို့နှင့် ဖြူးမြို့နယ်တို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး အချို့မှာ မြို့နှင့်နီးသည့်ကျေးရွာများနှင့် တောအစပ်များ၌ ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။
မုန်းမြို့၌ ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကာ မြို့ကိုထိန်းချုပ်နိုင်ရန် လုပ်ဆောင်လျက်ရှိနေကြောင်း လက်နက်ကိုင်ပူးပေါင်းအဖွဲ့က ယမန်နေ့က သတင်းဌာနအချို့သို့ ပြော ကြားသည်။
မုန်းမြို့တိုက်ပွဲအခြေအနေနှင့် ပတ်သတ်၍ နစကမှ သတင်းထုတ်ပြန်ရာတွင် ယမန်နေ့နံနက်မှစ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ခြေလျင်၊ လေယာဉ်နှင့် အမြောက်ပေါင်းစပ်ပြီး ခုခံချေမှုန်းလျက်ရှိကြောင်းနှင့် လက်နက်ကိုင်ပူးပေါင်းအဖွဲ့ဘက်မှ မြို့တစ်မြို့လုံးအား ထိန်းချုပ်ထားနိုင်ပြီဟု ကောလာဟလသတင်းများ ထုတ်လွှင့်နေကြောင်း၊ ယမန်နေ့ညက သတင်းထုတ်ပြန်ချက်အရ သိရသည်။
မုန်းမြို့မှာ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း၌တည်ရှိပြီး KNU ၏ တပ်မဟာ ၃ နယ်မြေအတွင်းပါဝင်ကာ ယခုနှစ်အတွင်း အဆိုပါဒေသတွင် တိုက်ပွဲများ ကြောင့် ဒေသခံနှစ်ထောင်ထက်မနည်း စစ်ရှောင်နေရကာ ယခုတိုက်ပွဲကြောင့် စစ်ဘေးရှောင်သူ ပိုမိုများပြားလာကြောင်း ဒေသတွင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။
လတ်တလော၌ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့အတွင်း မြို့ပေါ်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေစဉ် မုန်းမြို့ပေါ် တိုက်ပွဲမှာ ပဲခူးတိုင်း၌ ပထမဆုံးဖြစ်သော မြို့ပေါ်တိုက်ပွဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ – စီဂျေ
ပုံစာ – ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက တိုက်ပွဲကြောင့် မုန်းမြို့နယ်ရှိ ဒေသခံများ စစ်ရှောင်နေကြစဉ်။ (ပုံဟောင်းဖြစ်သည်)
မုန်းမြို့၌ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံထောင်ချီ၍ စစ်ရှောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်