မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်၌ မိုးသည်းထန်နိုင်ကာ ကျန်ဒေသများ မိုးများနိုင်

ရန်ကုန်၊ အောက်တိုဘာ ၂၃

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်နိုင်ကာ ကျန်ဒေသများတွင် မိုးများနိုင်ကြောင်း မိုးလေဝသဖြစ်စဉ် များအား ခန့်မှန်းသုံးသပ်ပေးသူ ဦးဝင်းနိုင်က ပြောသည်။

မုန်တိုင်းငယ်မှာ ယနေ့ညသန်းခေါင်ကျော်တွင် ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ စတင်ရောက်ရှိနိုင်ပြီး မုန်တိုင်းဦးတည်ရာလမ်းကြောင်းမှာ စစ်တွေမြို့၏ ၁၈၆ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းမြို့၏ မိုင် ၆၀ ခန့်အကွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဘက်သို့ ဦးတည်ရွေ့လျားလျက်ရှိကြောင်း သိရသည်။

မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် အောက်တိုဘာ ၂၄ ရက်၊ ညနေပိုင်းမှ ၂၅ ရက်၊ ညနေပိုင်းအထိ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်း၊ ရဲ ကျွန်း၊ ဖရုံကာကျွန်းများ၊ မြေပုံ၊ စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦးစသည့် မြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း များ တိုက်ခတ်နိုင်ကြောင်း သိရသည်။

“ အဲ့ဒီနေရာတွေက မုန်တိုင်းရဲ့ ကုန်းတွင်းဦးတည်ရာ လမ်းကြောင်းနဲ့နီးကပ်တော့ လေပြင်း တစ်နာရီကို ၂၅ မိုင်မှ မိုင် ၃၀ ခန့်အထိ တိုက်ခတ်နိုင်ပြီး မိုးသည်းထန်နိုင်ပါမယ်။” ဟု ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်၍ ပြောကြားသည်။

ထို့ပြင် တောင်ကုတ်၊ သံတွဲနှင့် ငပလီ အပါအဝင် ရခိုင်တောင်ပိုင်းမှ ဧရာဝတီကမ်းရိုးတန်းအထိ ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသများတွင် လေပြင်းတစ်နာရီလျှင် ၅ မိုင်မှ ၁၅ မိုင် အထိ တိုက်ခတ်နိုင်ပြီး မိုးသည်းထန်နိုင်ကြောင်း ဦးဝင်နိုင်၏ ခန့်မှန်းချက်အရ သိရသည်။

ထို့အပြင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသ အချို့မှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းအားလုံးတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်း တောင်ပိုင်း(ထားဝယ်မှ အောက်ဘက်ကော့သောင်းအထိ) ဒေသ များတွင် မိုးများနိုင်ကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန၏ ယနေ့ညနေပိုင်း ထုတ်ပြန်ချက်တွင် မုန်တိုင်းငယ်မှာ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း၊ ယနေ့မှ အောက်တိုဘာ ၂၅ ရက်အထိ ဒေသအများအပြားတွင် မိုးရွာသွန်းနိုင်ပြီး အချို့ဒေသများတွင် မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ကိုလည်းကောင်း ကြိုတင်သတိပြုနေထိုင်ကြရန် မိုး/ဇလမှ သတိပေးထားသည်။

မောင်ဇော်

ဓာတ်ပုံ – ဦးဝင်းနိုင်၊ မိုး/ဇလ

#ယနေ့ခေတ်

မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်၌ မိုးသည်းထန်နိုင်ကာ ကျန်ဒေသများ မိုးများနိုင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.