ရန်ကုန်၊ ဒီဇင်ဘာ ၂
ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်၏ အရှိန်ကြောင့် ဒေသ အချို့တွင် မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မိုးထစ်ချုန်းခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ယနေ့နံနက် တွင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ အသိပေးချက် ထုတ်ပြန်သည်။
ယနေ့ နံနက် ၅ နာရီခွဲ မိုး/ဇလ၏ တိုင်းထွာချက်အရ မုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော်အတွင်း ဆက်လက်ရွေ့လျားခဲ့ပြီး ကိုကိုးကျွန်းနှင့် ဟိုင်းကြီးကျွန်းမြို့၊ အိန္ဒိယနိုင်ငံရှိ မြို့နယ်အချို့တို့အနီး ပင်လယ်ပြင်ကို ဗဟိုပြုလျက်ရှိကြောင်း သိရသည်။
ထိုမုန်တိုင်းငယ်၏ အရှိန်ကြောင့် ဒေသအချို့တွင် မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မိုးထစ်ချုန်းခြင်းတို့ ဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြု နေထိုင်ကြပါရန် မိုး/ဇလက အသိပေးထား သည်။
“ ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိ ပြုနိုင်ရန် အသိပေးပါတယ်။” ဟု မိုး/ ဇလမှ ထုတ်ပြန်သည်။
မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါမုန်တိုင်း ငယ်သည် နောက် ၁၂ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ ဒီဇင်ဘာ ၃ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း အားကောင်းလာ နိုင်ကြောင်း သိရသည်။
ထိုမုန်တိုင်းငယ်သည် ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် အိန္ဒိယနိုင်ငံ၊ ကမ်းခြေအချို့သို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ ညနေအထိ ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာမည်ဖြစ်ကာ ကချင်၊ ကယားနှင့် ကရင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မိုးလေဝသဖြစ်စဉ်များအား ခန့်မှန်းသုံးသပ်ပေးသူ ဦးဝင်းနိုင်က လက်ရှိအချိန်တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်း – DEEP DEPRESSION ဖြစ် နေသည့် INVEST-95B သည် နောက် ၁၂ နာရီမှ ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ကမ္ဘာ့မုန်တိုင်းဖြစ်စဉ်များအား စောင့်ကြည့်နေသည့် Joint Typhoon Warning Center (JTWC) ၏ ထုတ်ပြန်ချက်ကိုကိုးကား၍ ယနေ့နံနက်အစောပိုင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဓာတ်ပုံ – မိုး/ဇလ
မုန်တိုင်းငယ်၏ အရှိန်ကြောင့် ဒေသအချို့ မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်