ရန်ကုန်၊ အောက်တိုဘာ ၂၂
ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏အရှိန်ကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုမှုများဖြစ်နိုင်၍ သတိပြုနေထိုင်ကြရန် ယနေ့နံနက်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ယနေ့နံနက်အစောပိုင်းအချိန်က မိုး/ဇလ၏ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် သို့ ရောက်ရှိခဲ့ပြီး ဟိုင်းကြီးကျွန်း၊ ပုသိမ်၊ သံတွဲ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ရေမိုင် ၅၀၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုလျက်ရှိနေကြောင်း သိရသည်။
မုန်တိုင်းငယ်၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ကိုလည်းကောင်း ကြိုတင်သတိပြုနေထိုင်ကြရန် သတိပေးထားသည်။
မိုးလေဝသဖြစ်စဉ်များအား ခန့်မှန်းသုံးသပ်ပေးသူ ဦးဝင်းနိုင်က လေဖိအားနည်းရပ်ဝန်းသည် တဖြည်းဖြည်းပိုမိုအားကောင်းလာကြောင်း၊ ၎င်း၏အပြင်ဘက် မိုးတိမ်တိုက်များသည် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့ထံ စတင်ဝင်လာပြီဖြစ်ကြောင်း ယမန်နေ့ ညပိုင်းက အသိပေးထားသည်။
“ အဲ့ဒီ တိုင်းဒေသကြီး ၃ ခုမှာ လေတိုက်တာတွေပြင်းလာမယ်။ တချို့နေရာတွေ မိုးထစ်ချုန်းပြီးရွာလာနိုင်ပါမယ်။” ဟု ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားသည်။
မုန်တိုင်းငယ်သည် လာမည့် ၂၄ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ နောက် ၄၈ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း ပိုမိုအား ကောင်းလာနိုင်ကာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံကမ်းခြေတို့သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး လက်ရှိအခြေအနေအရ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။
ယနေ့မှ အောက်တိုဘာ ၂၅ ရက်နေ့အထိ ဒေသအများအပြားတွင် မိုးရွာသွန်းနိုင်ကာ အချို့ဒေသများတွင် မိုးကြီးနိုင်ပြီး မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုကြပါရန် မိုး/ဇလမှ အသိပေးထားသည်။
မောင်ဇော်
ဓါတ်ပုံ – မိုး/ဇလ
မုန်တိုင်းငယ်၏အရှိန်ကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့် မြေပြိုမှုများဖြစ်နိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်