မုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းတွင် လေပြင်းများတိုက်ပြီး မိုးသည်းထန်နိုင်

ရန်ကုန်၊ ဩဂုတ် ၁

မုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းတွင် လေပြင်းများတိုက်ပြီး မိုးသည်းထန်နိုင်ကြောင်း မိုးလေဝသဖြစ်စဉ်များအား ခန့်မှန်းသုံးသပ်သူ ဦးဝင်းနိုင်က ပြောသည်။

ဘင်္ဂလားပင်လယ်အော်၌ဖြစ်ပေါ်နေသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းမှာ ဩဂုတ် ၁ ရက်၊ ယနေ့နံနက်ပိုင်းတွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိသွား ကြောင်း သိရသည်။

အဆိုပါမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် စစ်တွေမြို့အနောက်ဘက် ၅၅ မိုင်တွင် ဗဟိုပြုနေပြီး ဆက်လက်ရွေ့လျားနေကာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့အနီးမှ ယနေ့ညပိုင်း တွင် ဖြတ်ကျော်၍ ကုန်းတွင်းဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။

ထို့ကြောင့် မုန်တိုင်းဧရိယာ၏ ညာဘက်ခြမ်းတွင်ရှိသော ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူ၊ မြေပုံ၊ မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်များ အပါအဝင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် မုန်တိုင်းအဖျားခတ်ခံရပြီး လေပြင်းများတိုက်ခတ်ကာ မိုးသည်းထန်နိုင်ကြောင်း သိရသည်။

အဆိုပါ မြို့နယ်များတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၂ လက္မကျော်အထိ ရွာသွန်းနိုင်သည်ဟု ဦးဝင်းနိုင်က ခန့်မှန်းထားသည်။

မိုး/ဇလ၏ ယနေ့နံနက်ထုတ်ပြန်ချက်တွင် မုန်တိုင်း၏အရှိန်ကြောင့် ယနေ့ညနေအထိ တစ်နိုင်ငံလုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ အချို့နေရာများတွင် နေရာ ကွက်၍ မိုးကြီးနိုင်ကြောင်း ခန့်မှန်းထားသည်။

မိုးသက်လေပြင်း ကျရောက်စဉ် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့၌ လှိုင်းအမြင့်မှာ ၁၂ ပေမှ ၁၅ ပေခန့်၊ မွန်၊ တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်တို့တွင် ၉ ပေမှ ၁၁ ပေခန့်အထိ ရောက်ရှိနိုင်ကြောင်း မိုး/ဇလမှ ခန့်မှန်းထားသည်။

မုတ်သုံလေအားအလွန်ကောင်းနေကာ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရတ်ရေကြီးခြင်းနှင့်အတူ မြေပြိုမှုများ ဖြစ်နိုင်၍ သတိပြုနေထိုင်ရန်နှင့် ရေ ကြောင်းနှင့် လေကြောင်းမှ ခရီးသွားလာသူများအနေဖြင့် ကြိုတင်သတိပြုရန် မိုး/ဇလမှ သတိပေးထားသည်။

မောင်ဇော်

Photo – Win Naing ၊ မိုး/ဇလ

#ယနေ့ခေတ်

#ရခိုင်

#မုတ်သုန်လေ

မုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းတွင် လေပြင်းများတိုက်ပြီး မိုးသည်းထန်နိုင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.