မီးဖွားခါနီး ကိုယ်ဝန်ဆောင်သည်အား လုယက်သတ်ဖြတ်ခဲ့သူ ၇ ဦးအား ပုဒ်မ ၃ ခုဖြင့် အရေးယူမည်ဟု မုံရွာပအဖဆို

ရန်ကုန်၊ ဩဂုတ် ၂၄

မုံရွာမြို့၌ မီးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးအား လုယက်သတ်ဖြတ်ခဲ့သူ ၇ ဦးအား ပုဒ်မ ၃ ခုဖြင့် တရားစွဲထားပြီး အရေးယူမည်ဟု ယမန်နေ့က မုံရွာပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဆိုသည့် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။

ထို လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားချက်အရ ပြစ်မှုကျူးလွန်သူများအား ၎င်းတို့အဖွဲ့က မြေပြင်အဖွဲ့ များနှင့်ချိတ်ဆက်ကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူ ၇ ဦးအား နေ့တွင်းချင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ထို့နောက် အမှုတည်ဆောက်၍ NUG ၏ တရားရုံးတွင် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“ ရာဇသတ်ကြီးပုဒ်မ- ၃၉၅၊ ၃၉၆၊ ၃၉၇ တို့အရ တရားစွဲဆိုတင်ပို့ပြီး ရာဇဝတ်ကြီး အမှုအမှတ် ၂၉/၂၀၂၃ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း အသိပေးတင်ပြပါတယ်“ ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါပုဒ်မများသည် လူသတ်မှု၊ ဓါးပြမှုနှင့် လုယက်မှုတို့အား ကျူးလွန်သူများအား တရားစွဲဆိုသည့် ဥပဒေပုဒ်မဖြစ်ကာ ၎င်းပြစ်မှုတို့ကို အမှုကြီးအဖြစ် သတ်မှတ်ထားပြီး ပြစ်မှု ကျူးလွန်ကြောင်းထင်ရှားပါက သေဒဏ်အထိချမှတ်နိုင်ကြောင်း ဥပဒေတွင်ပြဌာန်းထားသည်။

ဩဂုတ် ၁၀ရက်၊ မွန်းလွဲပိုင်းက မုံရွာမြို့၊ ထန်းတောအင်းဖြတ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးသို့ လူတစ်စုမှ ဝင်ရောက်ဓါးပြတိုက်ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ နေအိမ်၌ရှိနေသူ မီးဖွား ရန် သုံးရက်ခန့်သာလိုတော့သည့် အသက် ၂၄ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ကျည်ထိမှန်ကာ သေဆုံးခဲ့ပြီး သူမ၏နာရေးအား ဩဂုတ် ၁၂ ရက်ကပြုလုပ်ရာ မုံရွာတစ်မြို့ လုံးနီးပါး လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လုယက်သတ်ဖြတ်မှုဖြစ်ပွားပြီး နောက်တစ်ရက်အကြာ မုံရွာအခြေစိုက် PDF အဖွဲ့တစ်ခုဖြစ်သည့် MPDF ၏ အဖွဲ့ဝင်တစ်ဦးမှ လူ ၇ ဦးအား ဖမ်းဆီးကြိုးတုပ်ထားသည့် ဗီဒီယိုဖိုင် အား တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ထိုလူ ၇ ဦးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးအား သတ်ဖြတ်ခဲ့သူများဖြစ်ကြောင်း ပြောကြားခဲ့ရာ ထိုဖြစ်စဉ်အပေါ် လူထုအကြား စိတ်ဝင်စားမှုမြင့် တက်ခဲ့သည်။

ထိုသို့ ဗီဒီယိုဖိုင်အား လူမှုကွန်ရက်တွင် တိုက်ရိုက်ထုတ်လွှင့်ပြောကြားပြီးချိန်မှစ၍ အဆိုပါအဖွဲ့မှ ထပ်မံပြောကြားခြင်း မရှိတော့ဘဲ ယမန်နေ့တွင်မှ မုံရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆိုသည့် လူမှုကွန်ရက်စာမျက်နှာမှ ဓါးပြတိုက်သူများကို အရေးယူမည်ဟု သတင်းထုတ်ပြန်ခြင်းဟု သိရသည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူများမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကာ ထိုအကြောင်းအရာအား ဖမ်းဆီးထားသူများက သတင်းထိန်ချန်ထားကြောင်း လူထုအ ကြားပြောဆိုမှုများရှိနေပြီး ထိုကိစ္စအပေါ် တွင် ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

ဖမ်းဆီးထားသူများအား ပွင့်လင်းမြင်သာမှုရှိစွာ တရားစီရင်ရန်လိုအပ်ကြောင်း ဥပဒေပညာရှင်များက ထောက်ပြပြောဆိုမှုများရှိနေပြီး နစကမှ ဖြစ်စဉ်ဖြစ်ပွားချိန်မှ ယနေ့အထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မောင်ဇော်

ဓါတ်ပုံ – မုံရွာပအဖ လူမှုကွန်ယက် စာမျက်နှာ

#ယနေ့ခေတ်

မီးဖွားခါနီး ကိုယ်ဝန်ဆောင်သည်အား လုယက်သတ်ဖြတ်ခဲ့သူ ၇ ဦးအား ပုဒ်မ ၃ ခုဖြင့် အရေးယူမည်ဟု မုံရွာပအဖဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.