ရန်ကုန်၊ မေ ၂၆
ကချင်ပြည်နယ်၊ မို့မောက်မြို့နယ်တွင် တိုက်ပွဲများဖြစ််ပေါ်နေခြင်းကြောင့် ဒေသအတွင်း စစ်ဘေးရှောင်နေရသည့် ကျောင်းသားအချို့ ကျောင်းတက်ရန်အခက်အခဲများရှိနေကြောင်း စစ်ဘေးရှောင်နေရသည့် ဒေသခံတစ်ဦးမှ ယနေ့ခေတ်သို့ ပြောသည်။၊
မို့မောက်မြို့နယ်တွင် ယနေ့အချိန်အထိ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် မိုးဦးကာလကျောင်းဖွင့်ချိန်တွင် စစ်ဘေးရှောင်နေရသည့် ကျောင်းသားအချို့ ကျောင်းတက်ရန်ခက်ခဲမှုများရှိနေကြောင်း စစ်ဘေးရှောင်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ကျွန်တော်တို့မိသားစုက ခြောက်ယောက်ရှိတယ်။ ကျောင်းသားသုံးယောက်ပါတယ်။ ကျွန်တော့်သားနှစ်ယောက်က လေးတန်းတက်ရတော့မှာ၊၊ ကျွန်တော်တူတစ်ယောက်က ၁၂ တန်းတက်ရက်ရမှာ။ ဒီဘက်မှာတော့ ဘာမှမကြားမိသေးဘူး။ လောလောဆယ် ဗန်းမော်ဘက်တော့ ကျောင်းအပ်လက်ခံတယ်လို့တော့ပြောတယ်။ ဒီဘက်တော့ဘာမကြားဘူးဗျ။ ကျွန်တော်တို့ကျတော့ ဗန်းမော်ထဲဝင်လို့မရတော့ဘူး။ နောက်ကျသွားလို့။ ဗန်းမော်ကနေ သုညသုခ လူမှုကူညီရေးအသင်းနဲ့ မိုးမောက်အသင်းတွေက လာကြိုပေးပေမဲ့၊ ဒီဘက်က အကြိုမခံဘူးပေါ့။ ကျွန်တော်တို့နည်းနဲ့ကျွန်တော်တို့ ပြေးရတာပေါ့။” ဟု မိုးမောက်မြို့မှ စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် မို့မောက်မြို့နယ်တွင် စစ်ဘေးရှောင်နေရသည့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအခက်အခဲများရှိနေကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြော သည်။
“ကျွန်တော်တို့ကတော့ မိုးမောက်မြို့နယ်ထဲက မံနောင်ကျေးရွာဘက်ကိုရှောင်နေရတယ်။ စုစုပေါင်း ၁၀၀ ကျော်လောက်တော့ရှိမယ်ဗျ။ အခက်အခဲတွေက အကုန်ရှိတာပေါ့ဗျာ။ ဘာမှကိုမပါခဲ့ဘူး။ အင်္ကျီတစ်ထည်ထဲနဲ့ပြေးခဲ့ရတာတွေ၊ ရှိတာလေးနဲ့ပဲ ဝယ်စားနေရတာတွေပေါ့။ ခံစားချက်တွေကို မပြောနိုင်တော့ဘူး။ အဆင်မပြေတာတွေရှိနေပေမဲ့လည်းပေါ့။ ဘာပြောရမှန်းကိုမသိတော့ပါဘူးဗျာ။ မနေ့ကဆိုလည်း တစ်နေကုန်ပဲ ပစ်နေတာကြားနေရတယ်။” ဟု မိုးမောက်မြို့မှ စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံစစ်ဘေးရှောင် ၂၀၀၀ ကျော်ခန့် ဗန်းမော်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ငွေကြေးခက်ခဲမှုများလည်းရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့အသင်းက ကမ့်(camp)မှာဆို စစ်ဘေးရှောင်က လက်ရှိ ၇၁ ဦးတော့ရှိတယ်။ စစ်ရှောင်လာတာ သုံးလလောက်တော့ ရှိမယ်ထင်တယ်။ ကျောင်းတက်တဲ့ကလေးတွေလည်း ပါတာပေါ့။ တစ်ချို့တွေက ဗန်းမော်ရွာထဲက ဘုန်းကြီးကျောင်းတွေမှာနေကြတယ်။ ပြန်တဲ့သူတွေလည်းရှိတယ်။ ပြန်ဝင်တာတွေလည်းရှိတာပေါ့။ ဒီရက်တော့ ထပ်ရောက်လာတာမရှိသေးဘူ။ စစ်ဘေးရှောင်တွေရဲ့အခက်ခဲက လက်တလောသူတို့မှာ ဝင်ငွေကမရှိဘူးပေါ့။ စားဖို့အတွက်ဝယ်ဖို့ ငွေကမရှိဘူးပေါ့။ ကျွန်တော်တို့ကတော့ အလှူရှင်တွေလာလှူပေးထားတဲ့ ဆန်အိတ်တွေထဲက ထုတ်ပေးတာပေါ့။ စုစုပေါင်း ဗန်းမော်ထဲမှာဆို ၂၀၀၀ ဝန်းကျင်လောက်တော့ရှိတယ်။” ဟု စစ်ဘေးရှောင်များအား ကူညီနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မေလ ၁၈ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ကျေးရွာ၊ အောင်မြေ (၁)၊ အောင်မြေ (၂) ကျေးရွာအပါအဝင် ကျေးရွာအချို့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေခြင်းကြောင့် ဒေသခံရာချီပြီး ဝိုင်းမြို့ပေါ် အနီးရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်၊ PDF ပူးပေါင်းတပ်များအကြား ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဧပြီလကုန်မှစ၍ မိုးမောက်၊ မန်စီနှင့် ဆွမ်ပရာဘွန်မြို့နယ်တို့တွင် လူဦးရေ ၁၀,၀၀၀ ခန့်အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း UN OCHA Myanmar ၏ထုတ်ပြန်ချက်အရ သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- သုညသုခပရဟိတ လူငယ်အသင်း
ယနေ့ခေတ်
မိုးဦးကာလကျောင်းဖွင့်ချိန်တွင် စစ်ဘေးရှောင်နေရသည့် ကျောင်းသားအချို့ ကျောင်းတက်ရန်ခက်ခဲနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်