ရန်ကုန်၊ မတ် ၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ မိုးမောက််မြို့နယ်နှင့် ရွှေကူမြို့နယ်တို့၌ ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာနေကာ ဒေသခံများ တိမ်းရှောင်နေကြရကြောင်း ဒေသတွင်းစစ်ရှောင်ကူညီသူများထံမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မိုးမောက်မြို့သစ်အဝင် စစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ စစ်ရေးလှုပ်ရှားမှုများရှိနေကာ ကျေးရွာအချို့တွင် တိုက်ပွဲများဖြစ်ပွားနိုင်ကြောင်း သတင်းများထွက်ပေါ်နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ကြိုတင်ရှောင်တိမ်းလျက်ရှိကြောင်း သိရသည်။
“ တိုက်ပွဲဖြစ်နိုင်တယ်လို့ သတင်းတွေထွက်နေသလို မြို့တွင်း၊ မြို့ပြင်မှာလည်း နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေရှိနေလို့ ကြိုရှောင်ကြတာပါ။ အများစုက မိုးမောက်မြို့ပေါ်မှာ စစ်ဘေးလာရှောင်နေကြပြီး၊ ဗန်းမော်မြို့မှာ သွားရှောင်ကြသူတွေလည်းရှိတယ်။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
မိုးမောက်မြို့အနီးရှိ မြို့သစ်၊ စီဟဲ့၊ ဒါဆိုင်း စသည့်ကျေးရွာများအပါအဝင် ကျေးရွာငါးရွာထက်မနည်းမှ ဒေသခံထောင်ချီမှာ ကြိုတင်၍စစ်ရှောင်နေကြခြင်း ဖြစ်သည်။
အလားတူ ရွှေကူမြို့နယ်၌လည်း ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာလျက်ရှိပြီး ကျေးရွာအချို့သို့ စစ်ကြောင်းဝင်ရောက်မှုများကြောင့် ဒေသခံရာချီမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ထို့ပြင် ဗန်းမော်ခရိုင်အတွင်းရှိ မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာ၌လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ ယနေ့အထိ နစကတပ်များနှင့် KIA , PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေကာ ဒေသခံနှစ်ထောင်ခန့်မှာ ဗန်းမော်မြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများ၌ စစ်ရှောင်နေကြရကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
မိုးမောက်နှင့် ရွှေကူမြို့နယ်တွင် စစ်ရေးတင်းမာနေကာ ဒေသခံများ တိမ်းရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်