ရန်ကုန်၊ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့ပေါ်၌ ယနေ့နံနက်ပိုင်းက နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွား၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ယနေ့ နံနက် ၅ နာရီခန့်မှစ၍ မိုးမိတ်မြို့ပေါ်နှင့် အနီးတဝိုက်နေရာများတွင် တိုက်ပွဲများစတင်ဖြစ်ပွားခြင်းဖြစ်ပြီး ယနေ့ နံနက် ၁၁ နာရီအထိ ပစ်ခတ်မှုများဖြစ်နေကြောင်း သိရသည်။
“ မနက် ၅ နာရီလောက်ထဲက မိုးမိတ်မြို့၊ အာသံရွာနဲ့ ရွှေဇာလီရွာဘက်မှာ တိုက်ပွဲစဖြစ်တာ။ ပြီးတော့ မြို့ပတ်ပတ်လည်က စစ်စခန်းတွေကိုလည်း ပစ်ခတ်တာတွေရှိတယ်။ မြို့ထဲက ရဲစခန်းကို လက်နက်ကြီးနဲ့ မြို့ပြင်ကပစ်လိုက်တာ ဘယ်နားကိုကျလဲတော့ မသိသေးဘူး။ မီးလောင်နေတာတော့တွေ့ရတယ်။” ဟု မိုး မိတ်မြို့၌နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေ၍ မိုးမိတ်မြို့၌ နေထိုင်သူများမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး၊ အချို့မှာ နီးစပ်ရာမြို့များသို့သွားရောက်ကာ စစ်ဘေးတိမ်းရှောင်လျက်ရှိနေကြောင်း သိရသည်။
“ မနက် ၅ နာရီကျော်က တိုက်ပွဲစဖြစ်တာ။ လက်နက်ကြီးနဲ့ပစ်နေတော့ အိမ်မှာမနေရဲပဲ အိမ်နဲ့နီးတဲ့ဘုန်းကြီးကျောင်းမှာ သွားရှောင်ရတယ်။ တချို့လည်း မိုးကုတ်နဲ့ သပိတ်ကျင်း ဘက်ကို ထွက်ပြေးနေကြတယ်။” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
မိုးမိတ်မြို့နယ်နှင့် အနီးတဝိုက်ရှိ ကျေးရွာများတွင် ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာမှ ယနေ့တွင် မြို့ပေါ်၌ပါ တိုက်ပွဲများဖြစ်ပွားလာခြင်းဟု ဒေသခံများက ပြောသည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သတ်၍ လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောကြားရာတွင် ယနေ့ နံနက် ၅ နာရီကျော်က KIA လက်နက်ကိုင်အဖွဲ့က အင်အားငါးရာခန့်ဖြင့် မိုးမိတ်မြို့ကို လာရောက်တိုက်ခိုက်ကြောင်း၊ မိုးမိတ်မြို့ရှိ စစ်ဗျုဟာအဖွဲ့နှင့် တပ်ရင်းနှစ်ရင်းက လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်နေကြောင်း ပြောကြားသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၌တည်ရှိပြီး၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့။ စစ်ကိုင်းတိုင်း၊ ကသာမြို့နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့နှင့်နီးစပ်လျက်ရှိသော မိုးမိတ်မြို့သည် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးအရ အရေးပါသောမြို့တစ်မြို့ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ဓမ္မပါလ အရှင်စိန္တိတ
ပုံစာ- ယနေ့နံနက်ပိုင်း မိုးမိတ်မြို့ပေါ်၌ တိုက်ပွဲဖြစ်နေစဉ်။
မိုးမိတ်၌ တိုက်ပွဲပြင်းထန်၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်