ရန်ကုန်၊ ဖေဖော်ဝါရီ ၄
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့မှစ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့တွင် နှစ်ဖတ်တိုက်ပွဲများ ဖြစ်းပွား မှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရောင်နေရသည့် ဒေသခံစစ်ဘေးရှောင်များ၏အသံများကို စုစည်းတင် ဆက်ထားပါသည်။
မိုးမိတ်မြို့တောင်ပိုင်းမှ အသက် ၃၁ အရွယ်ရှိ စစ်ဘေးရှောင် အမျိုးသားတစ်ဦး၏ ခံစားချက်
“ကျွန်တော်တို့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ စဖြစ်တယ်။ ၁၉ ရက်နေ့မှာ ပြေးရတာပဲ။ ကျွန်တော်က ဗုံးကျင်းထဲမှာ နေရတာပေါ့။ ဗုံးကျင်းထဲနေတော့လည်း အပေါ်ကနေလေယာဉ်နဲ့ ချတာဆိုတော့ နားကိုမခံနိုင်၊ ဆူနေတာပဲ။ ထွက်ပြေးပြန်တော့လည်း တွေ့တွေ့သမျှတွေကို အကုန်ပစ်တာဆိုတော့ ဆိုင်ကယ်သမားတွေဆို တုန်းလုံးတွေလဲ ပေါ့နော်။ သုံးရက်လောက်ပြေးရတာ။ ပြီးတော့ အဲ့သုံးရက်လုံးက ထမင်းငတ်ခဲ့ရတယ်။ ဘာအစီစဉ်မှမရှိပဲ ပြေးရတာဆိုတော့ တစ်ချို့ အသက် ၆၀ အရွယ်တွေဆို ပြေးရင်းနဲ့ ဆုံးသွားတာလည်းရှိတယ်။ ကျွန် တော်မိသာစုက သုံးယောက်လုံး ထွက်ပြေးရတာဗျ။ ညီအကိုမောင်နှမတွေနဲ့တော့ အခုချိန်ထိ တစ်ကွဲတစ်ပြားဖြစ်နေတုန်းပဲ။ ကျွန်တော့ဆိုင်တွေကတော့ မြို့ထဲကျန်ခဲ့တာပေါ့။ ဆိုင်တွေကလည်း ဖောက်ခံရတာ ကုန်ပြီ။ အခုဆို ပိုဆိုးတယ်။ ကိုယ့်ပစ္စည်းပြန်ယူမယ်လို့ပြောတာကိုတောင် မရတာတော့ဘူး။ လာယူမယ်ဆိုရင် အသက်အပိုပါရင် လာခဲ့ဆိုပြီးပြော တော့ ဘယ်သူမှ မသွားရဲတော့ဘူ။ ကျွန်တော်အနေနဲ့တော့ ဒီစစ်ပွဲကြီးကို အမြန်ဆုံးအေးချမ်းစေချင်ပါပြီ။ ကျွန်တော့်မြို့လေးက အေးချမ်းနေတာ ကြာပါပြီ။ အခုလိုဖြစ်မယ်၊ အခုလောက်ထိဖြစ်မယ်လို့လည်း မထင်ထားဘူး။ သူများနေရာတွေသာဖြစ်နေတာ၊ အခုလို့ ကျွန်တော်တို့မြိုလေးပါဖြစ်လာတော့ ဒီစစ်ပွဲကြီးကို အမြဲဆုံးပဲ ပြီးစေချင်ပါတယ်။” ဟု ဒေသခံ စစ်ဘေးရှောင်နေရသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မိုးမိတ်မြို့တောင်ပိုင်းမှ စစ်ဘေးရှောင်ရင်း လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည့် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး၏ မိခင်ဖြစ်သူခံစားချက်
“မိုးမိတ်ကနေပြေးလာတာ။ မိသားစုလေးယောက်။ အခက်တွေကတော့ သူများတွေလည်း ရှိနေတာဆိုတော့ အခက်အခဲတွေက အတူတူပါပဲရှင့်။ သားလေးကတော့ လေယာဉ်ပေါ်ကနေ လက်နက်ကြီးထိတာပါ။ ခြေထောက် နှစ်ဖက်လုံးထိထားပါတယ်။ အသက်ကတော့ ၁၈ နှစ်ရှိပါပြီ။ ရွာတွေမှာကျန်ခဲ့တဲ့သူတွေကိုလည်း အဆက်အသွယ် မရဘူးရှင့်။” ဟု စစ်ဘေးရှောင်နေသူ အမျိုးသမီးတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မိုးမိတ်တောင်ပိုင်းမှ အသက် ၃၅ နှစ်အရွယ်ရှိ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး၏ ခံစားချက်
“ကျွန်မတို့မိသားစုက ကလေးတွေရော၊ လူကြီးတွေရောဆိုရင် ရှစ်ယောက်လောက်တော့ရှိတယ်။ ပြေးလာရတာ လုံးဝတော့ အဆင်မပြေဘူးပေါ့နော်။ အရင်တုန်းကလို ဇာတ်ကားထဲက ဂျပန်၊ ဗမာကားတွေလို စစ်ဖြစ်ရင်ပြေးတာကို ကြည့်ရတာ။ အခုတော့ အမလေး.. ကိုယ်တွေ့ပဲ။ ဟိုပြေး ဒီပြေးရတာ။ အသက်ကြီးပိုင်း နှလုံးရောဂါသည်တွေဆို အဲ့နေရာမှာတင် သေသွားနိုင်တယ်။ မလွယ်ပါဘူးရှင်။ ဘုန်းကြီးကျောင်းရောက်မှ အဆင်ပြေသွားတာ။ ကျွန်မတို့ကတော့ ၁၀ ရက်နေ့ထဲကရောက်တယ်။ ဆုံးရှုံးမှုတွေဆို အများကြီးပဲ။ ကျွန်မတို့ဆိုင်ခန်းတွေဆို မိုးမိတ်ဈေးထဲက။ ဈေးဆိုင်ခန်းပါ ပါသွားတယ်။ အိမ်လေးကတော့ကျန်ခဲ့တယ်။ တစ်ချို့ဆို ဆုံးရှုံးမှုတွေမှ အများကြီးလေ။ အိမ်ကိုလည်းပြန်ချင်နေပါပြီ။ ကိုယ့်အိမ်ကိုလည်း သတိရတယ်။ ဒီကိုရောက်တာလည်း ကြာနေပြီဆိုတော့လေ။ အိမ်လေးရှိနေသေးလို့ တော်သေးတယ်။ ကျွန်မအနေနဲ့ ဒီစစ်ပွဲကြီးကို အမြန်ဆုံးပြီးစေချင်ပါပြီ။ အမြန်ဆုံး အေးချမ်းစေချင်ပါတယ်။ အိမ်ကိုတစ်ခေါက်လောက်တော့ ပြန်ချင်ပါသေးတယ်။” ဟု ဒေသခံ စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မိုးမိတ်မြို့မှ စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် စစ်ဘေးရှောင်တစ်ဦး၏ ပြောကြားချက်
“အခုဆိုရင် ကျွန်တော်တို့ရှောင်နေတဲ့ကျောင်းမှာ စစ်ဘေးရှောင် ၁၀၀ ကျော်လောက်ရှိပြီ။ တစ်ချို့လည်း နေရာပြောင်းတဲ့သူတွေလည်းရှိပြီ။ အခု စားဖို့တွေက အခက်အခဲတွေတော့ရှိလာပြီပေါ့နော်။ စစ်ဘေးရှောင်တွေအတွက် တစ်ရက်ကို အရင်ရက်က ၁၂၀,၀၀၀ ကျပ်ပေါ့။ အခု ၁၃၀,၀၀၀ ပေါ့။ အလှူရှင်တွေရှိတဲ့ ရက်တွေပေါ့နော်။ အလှူရှင်တွေမရှိရင်တော့ ကိုယ့်အစီစဉ်နဲ့ကိုယ် ချက်စားရတာပေါ့။” ဟု ဒေသခံ စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- CJ
ယနေ့ခေတ်
မိုးမိတ်မြို့နယ်မှ စစ်ဘေးရှောင်များ၏ ခံစားချက်အသံများ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်