ရန်ကုန်၊ ဇူလိုင် ၆
ရှမ်ူပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့ရှိ ကျေးရွာအချို့တွင် လက်နက်ကြီးကျည်ကျပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး၊ နှစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။
ယမန်နေ့က၊ မိုးမိတ်မြို့တွင် နစကတပ်နှင့် TNLA, ပူးပေါင်းတပ်တို့ကြား တကျော့ပြန်တိုက်ပွဲများဖြစ်ပေါ်နေရာ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အုံတုန်ရွာနှင့် အုန်းကြောသစ်ရွာမှ ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးပြီး၊ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မိုးမိတ်မှာတိုက်ပွဲက ကြိုကြိုကြားကြားဖြစ်နေတုန်းပဲ။ မနေ့ကဆို ပလောင်ကုန်ဘက်၊ အုန်းကြောသစ်၊ ဒိုးပင်၊ ပဒါန်း အဲဘက်တွေမှာတော့ ပစ်နေကြတာ အသံတွေကြားနေတာပဲ။ အုံတုန်ရွာက အမျိုးသမီးကြီးတစ်ဦး လက်နက်ကြီးကျည်ထိလို့ဆုံးသွားတယ်။ အုန်းကြောသစ်မှာ အမျိုးသမီးနှစ်ဦးဒဏ်ရာရတယ်လို့ သိရတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဇွန်လ ၂၉ ရက်နေ့မှစ၍ မိုးမိတ်မြို့တွင် တကျော့ပြန်တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းကြောင်း ဒေသခံထောင်ချီကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“တိုက်ပွဲကို ပြီးခဲ့တဲ့လ ၂၅ ရက်နေ့က ရပ်တယ်လို့ကြားပြီး ပြန်ဖြစ်တာ။ တိုက်ပွဲပြန်ဖြစ်တော့ ဒေသခံတွေလည်း မနေရဲကြဘူး။ စစ်ဘေးရှောင်တွေက နေရာအနှံ့မှာကို ရှိတယ်။ တ ချို့ဆို ယာခင်းတွေဘက်ကို ပြေးကြရတယ်။ အခုဆို ထောင်ကျော်မယ်။ ရွှေဇာလီဘက်ဆို တိုက်ပွဲစဖြစ်ထဲက အခုချိန်ထိ မနေရဲကြဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဇွန်လ ၂၉ ရက်၊ နံနက်ပိုင်းမှစ၍ မိုးမိတ်မြို့ရှိ ရွှေဇာလီ၊ လယ်ကြီးကုန်း၊ ညောင်နီ၊ ဒေါင့်ကြီးအပါအဝင် နေရာအချို့တွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်နေပြီး ဒေသခံအချို့ပိတ်မိနေကြောင်း သိရသည်။
ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း မိုးမိတ်မြိုတွင် KIA နှင့် နစကတို့ တိုက်ပွဲစတင်ဖြစ်ပေါ်ခဲ့ပြီး ဒေသအတွင်း စစ်ဘေးရှောင် ၆၀ ကျော် မိုင်းနင်းမိ၍သေဆုံးခဲ့ပြီး၊ မြို့မစျေးကြီးအပါ အဝင် စျေးဆိုင်ခန်းများနှင့် နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့၊ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သီပေါ စသည့်နေအချို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံများထောင်ချီကာ အိုးအိမ်များစွန့်ခွာ၍ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- CJ (ပုံဟောင်း)
ယနေ့ခေတ်
မိုးမိတ်မြို့တွင် လက်နက်ကြီးထိမှန်ကာ တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်