မိုးမိတ်တိုက်ပွဲကြောင့် မြို့တွင်းရှိ အဆောက်အအုံများစွာပျက်စီး ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့ပေါ် တိုက်ပွဲများကြောင့် မြို့တွင်းရှိ အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ယမန်နေ့ညက နစက၏သတင်းထုတ်ပြန်ချက်အရ သိရ သည်။

ဇန်နဝါရီ ၁၈ ရက်မှစ၍ မိုးမိတ်မြို့ရှိ လုံခြုံရေးစခန်းများအား KIA၊ TNLA နှင့် PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကူစစ်ကြောင်းများ၊ အမြောက်နှင့် လက်နက်ကြီးပစ်ကူများဖြင့် ဆောင်ရွက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီ ၂၇ ရက်တွင် နစကစစ်ကြောင်းများက မြို့အားပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုတိုက်ပွဲများကြောင့် မိုးမိတ်မြို့တွင်းရှိ အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆယ်ရက်နီးပါးကြာဖြစ်ပွားသည့် မြို့ပေါ်တိုက်ပွဲကြောင့် လူနေအိမ်တစ်ရာထက်မနည်းနှင့် ဘာသာရေးအဆောက်အဦအချို့ ပျက်စီးခဲ့ပြီး၊ မြို့မစျေးမှာ တစ်စျေးလုံးနီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“ မြို့ထဲက အိမ်တော်တော်များများ ရစရာမရှိအောင်ကို ပျက်စီးသွားတယ်။ မိုးမိတ်နားကရွာတွေရော၊ မဘိမ်းမြို့ကအိမ်တွေပါ ပျက်စီးတဲ့အထဲ ပါတယ်။ အဆိုးဆုံးက ဇန်နဝါရီ ၁၉ ရက်၊ ညက မြို့မစျေး မီးလောင်သွားတာပဲ။ တစ်စျေးလုံးနီးပါး ကုန်သွားတယ်။ ဒီနေ့အထိ အပျက်အစီးတွေလည်း မရှင်းရသေးဘူး။” ဟု မိုးမိတ်မြို့၌နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့ပြင် မိုးမိတ်မြို့ခံထောင်ချီမှာလည်း နီးစပ်ရာမြို့များနှင့် ကျေးရွာဘုန်းတော် ကြီးကျောင်းများတွင် ယနေ့အထိ စစ်ရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

လတ်တလော တိုက်ပွဲအခြေအနေနှင့် ပတ်သတ်၍ နစကမှသတင်းထုတ်ပြန်ထားရာတွင် မြို့ကိုပြန်လည်ထိန်းချုပ်ထားပြီး၊ အပျက်အစီးနှင့် မိုင်းများရှင်းလင်းပေးခြင်း၊ နေရပ်စွန့်ခွာသွားသူများ ပြန်လည်ဝင်ရောက်နေထိုင်ရေး ဆောင်ရွက်ပေးခြင်းနှင့် မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

မိုးမိတ်မြို့ အခြေအနေနှင့်ပတ်သတ်၍ လက်နက်ကိုင်ပူးပေါင်းအဖွဲ့ဘက်မှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့အချို့တွင် အောက်တိုဘာ ၂၇ ရက်မှစတင်ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲများကြောင့် လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦ ငါးရာထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပြီး၊ ယနေ့အထိ အပျက်အစီးများအား ရှင်းလင်းနိုင်ခြင်းမရှိသေးဘဲ ဒေသခံများလည်း စစ်ရှောင်နေရဆဲဖြစ်ကြောင်း ဒေသတွင်း လူမှုကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မိုးမိတ်တိုက်ပွဲကြောင့် မြို့တွင်းရှိ အဆောက်အအုံများစွာပျက်စီး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.