ရန်ကုန်၊ နိုဝင်ဘာ ၁
မိုးစပါးသစ်ပေါ်ချိန်တွင် ဆန်တင်ပို့သည့် ကုမ္ပဏီများမှ စပါးဝယ်လှောင်လာကြသဖြင့် ဆန်ဈေးများမြင့်တက်လာကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။
အောက်တိုဘာလလယ်မှ စတင်ကာ မိုးစပါးသစ် ရိတ်သိမ်းပြီးချိန်တွင် လှောင်လက်သမားများက နယ်အထိပါ စပါးဆင်းဝယ်ကြသဖြင့် စပါးဈေးများ တက်လာသလို ဆန်ဈေးပါ လိုက်မြင့်တက်လာကြောင်း ဆန်ကုန်သည်များက ပြောသည်။
“ဆန်ဈေးက တစ်အိတ်ကို ကျပ်နှစ်ထောင်လောက် ပြန်တက်လာတယ်။ အချောရော၊ အကြမ်းရောတက်တာ။ ရွှေဘိုဘက်က ပြောတာတော့ အိတ်စ်ပို့သမားတွေက သူတို့နယ် ဘက်အထိပါ စပါးလိုက်ဝယ်နေကြတယ် ပြောတယ်။ စပါးက လှောင်လက်သမားတွေဆီ ရောက်သွားရင် သူတို့က တော်တော်နဲ့ ထုတ်မရောင်းကြဘူး။ စပါးဈေးတက်တော့ ဆန် ဈေးပါ လိုက်တက်လာတယ်။ အခု ရန်ကုန်မှာရောင်းတဲ့ ဆန်ဈေးက ရွှေဘိုဒိုင်တွေမှာရောင်းတဲ့ ဈေးနှုန်းနဲ့ အတူတူဖြစ်နေတယ်။ ဒီမှာရောင်းလို့ ကုန်သွားရင် တက်ဈေးနဲ့ ပြန်ဝယ် ရတော့မှာ။ ဒီလထဲမှာ ဆန်ဈေးက ထပ်ပြီးတက်ဖို့ရှိတယ်။” ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိတွင် ဧရာဝတီပေါ်ဆန်းစပါးနှင့် မနောသုခစပါးများအား ရိတ်သိမ်းနေပြီး ဧရာဝတီပေါ်ဆန်းစပါးအသစ် တင်းတစ်ရာလျှင် ကျပ် ၂၅ သိန်းဝန်းကျင်၊ မနောသုခစပါးအသစ် တင်းတစ်ရာလျှင် ကျပ် ၁၅ သိန်းဝန်းကျင်၊ ရွှေဘိုပေါ်ဆန်းစပါးအဟောင်း တင်းတစ်ရာလျှင် ကျပ် ၄၀ သိန်းဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာ ၁ ရက်၏ ဆန်လက္ကားရောင်းဈေးများမှာ ရွှေဘိုပေါ်ဆန်းအဟောင်း ၁၀၈ ပေါင် တစ်အိတ်လျှင် ကျပ် ၁၅၀,၀၀၀၊ ဧရာဝတီပေါ်ဆန်းအဟောင်း တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀၊ မနောသုခအဟောင်း တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀၊ မနောသုခအသစ် ကျပ် ၆၃,၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။
ဓာတ်ပုံ – ဂျူဂျူး
ပုံစာ – အောက်တိုဘာလဆန်းတွင် ရိုက်ကူးထားသည့် ဆန်ဈေးနှုန်းများ
မိုးစပါးသစ်ပေါ်ချိန်တွင် စပါးဝယ်လှောင်သူများ အဝယ်လိုက်နေ၍ ဆန်ဈေး မြင့်တက်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်