မိုးကောင်း၊ အောက်တိုဘာ ၆
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ရေရှင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး အမျိုးသားတစ်ဦး ယမန်နေ့က သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးသွားကြောင်း နီးစပ်သူများထံမှ သိရ သည်။
သေနတ်ဖြင့် ပစ်သတ်ခံရသူသည် အသက် ၅၀ ကျော်အရွယ် ရေရှင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းရင်ဖြစ်ပြီး အောက်တိုဘာ ၅ ရက်၊ ညပိုင်းက အမည်မသိလူတစ်စုက ၎င်း၏ အိမ်ဝန်းအတွင်းသို့ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ၎င်းနှင့်နီးစပ်သူက ပြောသည်။
” သေဆုံးသူက ရေရှင်ကျေးရွာက အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်နေသူပါ။ အမည်မသိ သေနတ်သမားတွေ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာ သုံးချက်လောက်နဲ့ ဆုံးသွားတာ။ သေနတ်သမားတွေက ကားနဲ့လာတာ။ ပစ်သတ်ခံရပြီး ချက်ချင်းဆိုသလို ဆေးရုံပို့ဆောင်ခဲ့ပေမယ့် လမ်းခုလတ်မှာ ဆုံးသွားတာ။” ဟု သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား တာဝန်ရှိသူများမှ စစ်ဆေးခဲ့ပြီး သေနတ်သမားများအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း မိုးကောင်းမြို့နယ်၌ တစ်ရက်တည်း လူသုံးဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်ကလည်း မိုးကောင်းမြို့နယ်၊ စပျစ်ခူးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးကြောင်း သိရသည်။
ဝဏ္ဏ
မိုးကောင်မြို့၊ ရေရှင်ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်