မိုးကုတ်၊ ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်(အရှေ့ပိုင်း)၊ ရှမ်းစုရပ်တွင် ဇွန် ၂၇ ရက်၊ ညနေ ၅ နာရီက ဥယျာဉ်ကျောင်းတိုက်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၃ နှစ်အရွယ် ကိုရင်ကုသလ ပျံလွန်တော်မူသွားကြောင်း အဆိုပါကျောင်းမှ ကျောင်းထိုင်ဆရာတော်တစ်ပါး၏ မိန့်ကြားချက်အရ သိရသည်။
“ ရှမ်းစုရပ်၊ ဥယျာဉ်ကျောင်းတိုက်အတွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသွားတယ်။ အဲဒီမှာ ကိုရင်လေးငါးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အသက် ၁၃ နှစ်အရွယ် ကိုရင်ကုသလ ပျံလွန်တော်မူသွားခဲ့ပါတယ်။” ဟု ဥယျာဉ်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်တစ်ပါးက ယနေ့ခေတ်သို့ မိန့်ကြားခဲ့သည်။
မိုးကုတ်မြို့နယ်(အရှေ့ပိုင်း)၊ ရှမ်းစုရပ်၊ ဥယျာဉ်ကျောင်းတိုက်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် ကိုရင်ငါးပါး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ကိုရင်ကုသလသည် သွေးထွက်လွန်၍ ပျံလွန်တော်မူခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဇွန် ၂၈ ရက်၊ နံနက် ၁၀ နာရီက မိုးကုတ်မြို့နယ်(အနောက်ပိုင်း)၊ အောင်သုခရပ်ကွက်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
မိုးကုတ်တွင် လက်နက်ကြီးကျည်ကြောင့် အသက် ၁၃ နှစ်အရွယ် ကိုရင်ကုသလ ပျံလွန်တော်မူ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်