ရန်ကုန်၊ နိုဝင်ဘာ ၂
မိမိတို့အသုံးပြုနေသည့် မိုဘိုင်းငွေကြေးစာရင်းမှ ငွေများလိမ်လည်ခံရပါက သက်ဆိုင်ရာဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးနေသည့် အဖွဲ့အစည်း၏ Call Center နှင့် တိုင်တန်းချက်များ လက်ခံသည့်စင်တာသို့ ချက်ချင်းဆက်သွယ် အကြောင်းကြားရမည်ဟု ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။
သို့သော် ထိုအကြောင်းအရာနှင့်ပတ်သက်၍ လက်တွေ့တွင် အဆင်မပြေကြောင်းနှင့် အခက်အခဲများစွာရှိနေကြောင်း သိရသည်။
“ သူတို့ကသာ အလိမ်ခံရရင် တိုင်ဖို့ပြောထားတာ။ တစ်ကယ်တမ်းတိုင်ကြည့်ပါလား အဆင်မပြေဘူး။ သူတို့ရဲ့ Call Center ကိုလည်းဆက်ကြည့် မရတာများတယ်။ ရဲစခန်းအမှု သွားဖွင့်ပြန်ရင်လည်း သူတို့က ရစ်နေတာနဲ့ အဆင်မပြေဘူး။ တစ်ကယ်ဆိုရင် အဆင်မပြေဘူး။ အဲဒီလိုထုတ်ပြန်မဲ့အစား ဘယ်လိုထိထိရောက်ရောက် အရေးယူကိုင်တွယ်မလဲ ဆိုတာ လုပ်သင့်တယ်” ဟု ဘဏ်စနစ် လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
ထို့ပြင် Call Center နှင့် တိုင်တန်းချက်လက်ခံသည့်စင်တာမှ တောင်းခံသည့်အချက်အလက်များကို ချက်ချင်းပံ့ပိုးပေးရန်နှင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် သွားရောက်အမှုဖွင့် ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
သက်ဆိုင်ရာဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းအနေဖြင့်လည်း လိမ်လည်ခံရသူ၏ အချက်အလက်နှင့် အကြောင်းကြားချက်ကို လက်ခံရရှိပါက စာရင်းပိုင်ရှင် မှန်/မမှန်၊ အချက်အလက်မှန်ကန်မှု ရှိ/မရှိစစ်ဆေးခြင်း၊ မှန်ကန်ပါက တိုင်ကြားသူ၊ လိမ်လည်သူ၊ သံသယရှိသူနှင့် ဆက်နွှယ်သူများ၏ ငွေစာရင်းများကို ၇၂ နာရီကြာ ယာယီ ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါငွေစာရင်း ယာယီတားဆီးပြီးပါက ငွေစာရင်းဆိုင်ရာ အချက်အလက်များနှင့် လွှဲပြောင်းဆောင်ရွက်မှုများကို ဗဟိုဘဏ်နှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သံသယဖြစ်ဖွယ် လွှဲပြောင်းဆောင်ရွက်မှုအဖြစ် ၂၄ နာရီအတွင်း သတင်းပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
“ အခုနောက်ပိုင်း အလိမ်ခံရတာတွေ များလာကြတယ်။ ပြီးတော့ သူတို့ပြောတဲ့အတိုင်း အဆင့်ဆင့်တိုင်ကြားရမယ်ဆိုရင် အဆင်မပြေဘူးလေ။ အချိန်က ပိုကြာမှာပေါ့။ ဒါကတော့ မဖြစ်နိုင်ဘူး” ဟု ငွေကြေးလိမ်လည်ခံရသူတစ်ဦးက ပြောသည်။
သတင်း၊ ဓာတ်ပုံ – စုစု
မိုဘိုင်းငွေကြေး အလိမ်ခံရပါက တိုင်ကြားရန် ဗဟိုဘဏ်က ထုတ်ပြန်ထားသော်လည်း အဆင်မပြေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်