ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပွန်မြို့အနီး တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (အရှေ့ပိုင်း)သို့ ဆက်သွယ်ထားသည့် ကားလမ်းများအား ပိတ်ထားလျက်ရှိရာ ကားများလမ်းတွင် ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နံနက်ပိုင်းက မိုင်းပွန်မြို့နယ်၊ နားယန်းတိုက်နယ်၊ နမ်းဗော်းခမ်းကျေးရွာအနီး နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ကားလမ်းအချို့အား ယနေ့နံနက်အထိ ပိတ်ထားကြောင်း သိရသည်။
“ တိုက်ပွဲဖြစ်လို့ မနေ့မနက်က ဟိုပုံး-မိုင်းပွန်-လွိုင်လင်လမ်းကို ညနေပိုင်းအထိ ပိတ်ထားရတယ်။ ညနေ ၅ နာရီလောက်က ခဏပြန်ဖွင့်ပေးပြီး ပြန်ပိတ်ထားတယ်။ ဒီမနက်တော့ မိုင်းပွန်-လွိုင်လင်လမ်းကို ပြန်ဖွင့်ပေးထားပြီး တောင်ကြီး-ဟိုပုံးကနေ မိုင်းပွန်အထိလာတဲ့လမ်းကို ပိတ်ထားတယ်။ လမ်းမှာလည်း ကားတွေပိတ်မိနေတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အလားတူ တိုက်ပွဲကြောင့် မိုင်းပွန်မြို့အနီးရှိ ရှမ်းတောင်နှင့် ရှမ်းအရှေ့ဘက်အား ဆက်သွယ်ထားသည့် ကားလမ်းပေါ်ရှိ နမ့်စန်မြို့၌လည်း ကားလမ်းပိတ်ထားသည့်အတွက် ကျိုင်းတုံနှင့် မိုင်းဆတ်ဘက်မှလာသည့်ကားများ ပိတ်မိနေကြောင်း သိရသည်။

“ ကျိုင်းတုံဘက်ကနေ တောင်ကြီးဘက်ကို သွားမဲ့ကားတွေကိုလည်း ညတည်းက နမ့်စန်မြို့ဘက်ကနေ ပိတ်ထားတယ်။ သူတို့ဖွင့်ပေးလည်း ပစ်နေကြတာဆိုတော့ သွားရတာ အန္တရာယ်များတယ်။ တချို့ကားတွေလည်း လှည့်ပြန်ကြတယ်။ တချို့လည်း နမ့်စန်မှာစောင့်ပြီး လမ်းအခြေအနေကောင်းရင် ဆက်သွားဖို့ ပြင်ဆင်နေတယ်။” ဟု နမ့်စန်မြို့၌ ပိတ်မိနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
ထိုသို့ တိုက်ပွဲများကြောင့် ကားလမ်းများပိတ်နေ၍ ခရီးသွားများ သွားလာရခက်ခဲနေကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းအထိ မိုင်းပွန်မြို့အနီးတဝိုက်တွင် ပစ်ခတ်မှုများဆက်ဖြစ်နေကာ တိုက်ပွဲအနီးရှိကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
“ မနေ့ထဲက တစ်နေ့လုံး လေယာဉ်နဲ့ရော၊ လက်နက်ကြီးတွေနဲ့ပါ ပစ်တာ။ သူတို့ပစ်တဲ့အသံကို မြို့ထဲကနေတောင် ကြားနေရတယ်။ ဒီမနက် မိုင်းပွန်တံတားနားမှာလည်း တိုက်ပွဲတော်တော်ပြင်းတယ်။ တိုက်ပွဲက မြို့ထဲအထိရောက်လာမှာကို မြို့သူ၊ မြို့သားတွေက စိုးရိမ်နေကြတာ။ တချို့လည်း ထွက်ပြေးဖို့ ပြင်ဆင်နေကြတယ်။” ဟု မိုင်းပွန်မြို့၌နေထိုင်သူတစ်ဦးက ပြောကြားသည်။
ယမန်နေ့ နံနက်ပိုင်းက မိုင်းပွန်မြို့အနီးရှိ ကျေးရွာအချို့တွင် နစကတပ်များနှင့် ပူးပေါင်းအဖွဲ့ဖြစ်သည့် PNO ပအို့ဝ်လက်နက်ကိုင်အဖွဲ့နှင့် PNLA ၊ SSPP စသည့် လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယနေ့နံနက်အထိ ဆက်ဖြစ်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့၌ ပြီးခဲ့သည့်လမှစ၍ နစကတပ်များနှင့် PNLA လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့က မိုင်းပွန်မြို့အနီးအထိပါ တိုက်ပွဲများကူးစက်လာခြင်းဟု ဒေသခံများက ဆိုသည်။
ဓာတ်ပုံ – စီဂျေ
မိုင်းပွန်အနီး တိုက်ပွဲကြောင့် ရှမ်းတောင်နှင့် ရှမ်းအရှေ့သို့ ဆက်သွယ်ထားသည့်လမ်းများ ပိတ်ထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်