မိုင်းခွဲခံရသည့်တံတား ပြုပြင်ပြီး၍ ရန်ကုန်-မော်လမြိုင်လမ်း၌ ကားများပြန်လည်သွားလာနိုင်ပြီ ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

ယမန်နေ့က မိုင်းခွဲခံရ၍ပျက်စီးခဲ့သည့် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတားအား ပြန်လည်ပြုပြင်ပြီးစီးခဲ့၍ ကားများသွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

သထုံမြို့နယ်၊ ကျိုက်ကော် သိမ်ဆိပ်အနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတားမှာ ယမန်နေ့ နံနက်ပိုင်းက မိုင်းခွဲခံရပြီး ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါတံတားအား ယမန်နေ့ နေ့လည်ပိုင်းကစတင်၍ ပြန်လည်ပြုပြင်ခဲ့ရာ ယမန်နေ့ ညနေပိုင်းတွင် ကားများပြန်လည်သွားလာနိုင်ပြီဟု သိရသည်။

“ မနေ့က ည ၇ နာရီလောက်ကစပြီး လမ်းပွင့်တာ။ ကားလမ်းတစ်ခြမ်းကို ပြင်ပြီးသွားတော့ ကားကြီး၊ ကားငယ် အလှည့်ကျသွားရတယ်။ လုံးဝသွားမရတာထက်စာရင် လမ်းပွင့်သွားတော့ သွားရတာအဆင်ပြေသွားတယ် ပြောရမယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

ပျက်စီးသွားသည့် တံတားတစ်ခြမ်းအား ပြန်လည်ပြုပြင်ခဲ့ပြီးနောက် ကားများယာယီသွားလာနိုင်ပြီဖြစ်ပြီး၊ ကျန်ရှိနေသော လမ်းပိုင်းတစ်ခြမ်းကိုလည်း ဆက်လက်ပြုပြင်နေကြောင်း ပြည်နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ ရွှေသံလွင်ကုမ္ပဏီက ဝန်ထမ်း ၃၅ ဦးက ဘက်ဟိုးနှစ်စီးနဲ့ ပြန်လည်ပြင်ဆင်ခြင်းများဆောင်ရွက်ခဲ့ရာ ကားကြီး၊ ကားငယ်အားလုံး မနေ့က ညနေ ၆ နာရီ ၂၀ မိနစ်အချိန်မှ စတင်ကာ ယာယီဖြတ်သန်းသွားလာနိုင်ပါပြီ။ ကျန်တစ်ခြမ်းကိုလည်း ဆက်လက်ပြုပြင်နေပါတယ်။” ဟု ပြောကြားသည်။

မိုင်းခွဲခံရ၍ ပျက်စီးခဲ့သော မိုးကောင်းတံတားမှာ အလျား ၃၇ ပေ၊ အကျယ် ၄၈ ပေရှိကာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ဆက်သွယ်ရေးအရ အရေးပါသော တံတားတစ်စင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါတံတားပျက်စီးခဲ့၍ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအနီး၌ ယမန်နေ့ တစ်နေ့လုံးနီးပါး အိမ်စီးယာဉ်များ၊ ခရီးသည်တင်ယာဉ်များ အပါအဝင် ယာဉ်အစီးရာချီ၍ ပိတ်မိခဲ့ကြောင်း သိရသည်။

မောင်ဇော်

ဓာတ်ပုံ – မိုးကောင်းလူမှုကယ်ဆယ်ရေးအသင်း ၊ စီဂျေ

ယနေ့ခေတ်

မိုင်းခွဲခံရသည့်တံတား ပြုပြင်ပြီး၍ ရန်ကုန်-မော်လမြိုင်လမ်း၌ ကားများပြန်လည်သွားလာနိုင်ပြီ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.