ရန်ကုန်၊ ဇန်နဝါရီ ၁၀
ပြီးခဲ့သည့်ရက်ပိုင်းက မိုင်းပေါက်ကွဲ၍ ပျက်စီးသွားသည့် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ တံတားတစ်စင်းအား ပြင်ဆင်ပြီးစီးသွားပြီ၍ ယာဉ်များသွားလာနိုင်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အထွက်၊ ရန်ကုန်- မန္တလေးလမ်းဟောင်းပေါ်ရှိ ကွင်းချောင်းတံတားမှာ ဇန်နဝါရီ ၄ ရက်တွင် မိုင်းပေါက်ကွဲ၍ ပျက်စီးခဲ့ခြင်းဖြစ်ကာ အဆိုပါတံတားအား ယမန်နေ့က ပြင်ဆင်ပြီးစီး၍ ယာဉ်များသွားလာနိုင်ပြီဟု သိရသည်။
“ တံတားကျိုးတဲ့နေ့ထဲက သက်ဆိုင်ရာအဖွဲ့တွေ ပူးပေါင်းပြင်ဆင်ကြတယ်။ မနေ့ကတော့ ရာနှုန်းပြည့်ပြီးစီးသွားလို့ ကားတွေသွားလာလို့ရနေပါပြီ။” ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါတံတားမှာ ရန်ကုန်- မန္တလေးလမ်းဟောင်းပေါ်ရှိ အရေးပါသည့် တံတားတစ်စင်းဖြစ်ကာ အရှည် ပေ ၃၀၀ ခန့် ၊ အကျယ် ၅၀ ပေခန့်ရှိ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး ဇန်နဝါရီ ၄ ရက်၊ နံနက်အစောပိုင်းက မိုင်းပေါက်ကွဲ၍ ပေ ၁၀၀ ဝန်းကျင်ခန့် ကျိုးကျပျက်စီးခဲ့ခြင်းဖြစ်သည်။
အဆိုပါတံတားပျက်စီးမှုနှင့် ပတ်သတ်၍ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ရာတွင် ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ တံတားတစ်စင်း၊ ရထားလမ်းနှင့် ကာ ကင်းစစ်စခန်းအချို့အား ဇန်နဝါရီ ၄ ရက်၊ နံနက်ပိုင်းတွင် တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါတံတားပျက်စီးခဲ့၍ လမ်းဟောင်းပေါ်၌ ယာဉ်များသွားလာ၍မရတော့သဖြင့် ကုန်တင်ယာဉ်များအပါအဝင် ယာဉ်အမျိုးမျိုးမှာ အမြန်လမ်းမှ ဖြတ်သန်းသွားလာလျက်ရှိနေ ကြောင်း သိရသည်။
ထို့ကြောင့် ရန်ကုန်- မန္တလေးအမြန်လမ်း၏ အချို့နေရာများတွင် ယခုရက်ပိုင်းအတွင်း ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ခဲ့ကြောင်း သိရသည်။
ဒေသအချို့တွင် နှစ်လကျော်ကြာဖြစ်ပွားလျက်ရှိသည့် နှစ်ဖက်တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေးအရ အရေးပါသည့်တံတား ၁၀ စင်းထက်မနည်း ကျိုးကျပျက်စီးခဲ့ပြီး ယခုတံတားမှလွဲ၍ အခြားပျက်စီးခဲ့သော တံတားများအား ပြင်ဆင်နိုင်မှုမရှိသေး၍ အချို့ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ကာ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းနေ ကြောင်း ဒေသတွင်းသတင်း များအရ သိရသည်။
ဓာတ်ပုံ- စီဂျေ
မိုင်းကွဲ၍ပျက်စီးသွားသော လမ်းဟောင်းပေါ်ရှိတံတားအား ပြင်ဆင်ပြီး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်