မိန်းမလှကျွန်းဘေးမဲ့တောနှင့် အနီးဝန်းကျင်မှပြည်သူများ မိကျောင်းအန္တရာယ် သတိပြုနေထိုင်ရန်လိုအပ် ဟုဆို

ပုသိမ်၊ မေ ၉

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းဘေးမဲ့တောနှင့် အနီးဝန်းကျင်ကျေးရွာများက ပြည်သူများအနေဖြင့် မိကျောင်းအန္တရာယ်ကို သတိပြုနေထိုင်လုပ်ကိုင်ကြရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များထံမှ သိရသည်။

ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်း ဘေးမဲ့တောတွင် သဘာဝအတိုင်းထိန်းသိမ်းထားသည့် မိကျောင်းများ မတ်လမှ ဇွန်လအထိ မိတ်လိုက်ကြပြီး၊ ဇူလိုင်လနှင့် ဩဂုတ်လတွင် အ သိုက်ပြုလုပ်ကြကာ၊ စက်တင်ဘာလနှင့် နိုဝင်ဘာလတွင် သားပေါက်ချိန်ကာလဖြစ်ကြောင်း သိရသည်။

မိကျောင်းများ မိလိုက်၊ အသိုက်ကိုက်၊ သားပေါက် ပြုလုပ်သည့်အချိန်ကာလတွင် မိန်းမလှကျွန်းဘေးမဲ့တောနှင့် အနီးဝန်းကျင်ဒေသမှ ပြည်သူများအနေဖြင့် ချောင်းစပ်၊ မြောင်းအစပ်၊ မြစ်ကမ်းစပ်များတွင် ရေမချိုရန်၊ နေအိမ်ကမ်းစပ်များတွင် သံဇကာအသုံးပြုကာ တုတ်ရိုက်ခြံခတ်ထားရန်၊ အိမ်မွေးတိရစ္ဆာန်များကို လွှတ်မကြောင်းကြရန်လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ အဲ့ဒီ မိတ်လိုက်၊ အသိုက်လုပ်၊ သားပေါက်သော အချိန်ကာလအတွင်း မိကျောင်းများက လူများကိုရန်လို၊ ရန်ပြုတတ်ခြင်းကြောင့် မိကျောင်းအန္တရာယ်ကို သတိပြုနေထိုင် လုပ်ကိုင်သွားကြရန်လို အပ်တာဖြစ်ပါတယ်။ အဲ့လိုကာလတွေမှာ မလိုအပ်တဲ့ အသက်ဆုံးရှုံးမှုတွေဖြစ်နိုင်လို့ သတိနဲ့သွားလာလုပ်ကိုင်ဖို့လိုပါတယ်။ မိကျောင်းအန္တရာယ်ကြောက်လို့ ဘာအ လုပ်မှမလုပ်ဘဲနေစရာ မလိုပါဘူး။ သတိနဲ့နေဖို့သာလိုပါတယ်။ သက်ဆိုင်ရာကဘက်ကလည်း မိကျောင်းအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ၊ အသိပညာပေးလုပ်ငန်းတွေကို လုပ် ဆောင်နေပါတယ်။” ဟု ၎င်းကဆက်ပြောသည်။

အကျယ်အဝန်း ၅၂ ဒသမ ၇၈ စတုရန်းမိုင်ကျယ်ဝန်းသည့် ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းကို ၁၉၉၄ ခုနှစ်မှစတင်ပြီး ဘေးမဲ့တောအဖြစ် အစိုးရကသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး၊ ကျွန်း အတွင်းမိကျောင်းများအပြင် ရေပျော်ငှက်၊ ကုန်းတွင်းပိုင်းနေ ငှက်များ၊ တွားသွားသတ္တဝါများ၊ နို့တိုက်သတ္တဝါများနှင့် ရေနေသတ္တဝါများ ခိုအောင်းနေထိုင်ကြကြောင်း သိရသည်။

“ မိကျောင်းအန္တရာယ်ကိုကြောက်တယ်။ ကိုယ်ကလည်းတစ်ရက်လုပ် တစ်ရက်စားဆိုတော့ ဂဏန်းထောင်တဲ့လုပ်ငန်းကို လုပ်နေရတယ်။ သက်ဆိုင်ရာကတော့ မိကျောင်းအန္တရာယ် သတိပေးလုပ်ငန်းတွေထက် ပိုမိုထိရောက်တဲ့လုပ်ငန်းတွေကို အကျယ်တဝင့်လုပ်စေချင်တယ်။ မလိုအပ်တဲ့ အသက်ဆုံးရှုံးမှုတွေ နေ့စဉ်ရှိနေတာကြောင့်လေ။” ဟု မိန်းမလှကျွန်း ဘေးမဲ့တောနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ရေကျော်တိုးကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာ၊ ဖိုးခွေးရိုးဝဲချောင်းတွင် ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်၊ ညနေပိုင်းက ရေးဆင်းချိုးသည့် ဦးမိုးဝင်းဆိုသူ မိကျောင်းကိုက်ဆွဲခံခဲ့ရသေးကြောင်း ဒေသခံများထံမှ သိရသည်။

မိန်းမလှကျွန်းကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်က မြန်မာနိုင်ငံ၏တတိယမြောက် ကမ္ဘာ့အရေးပါသည့် ရေဝပ်ဒေသစာရင်းဝင်နေရာ ရမ်ဆာဒေသအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

မိန်းမလှကျွန်းဘေးမဲ့တောနှင့် အနီးဝန်းကျင်မှပြည်သူများ မိကျောင်းအန္တရာယ် သတိပြုနေထိုင်ရန်လိုအပ် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.