ဘိုကလေး၊ သြဂုတ် ၂၁
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်း၊ ဘေးမဲ့တောနှင့်အနီးဝန်းကျင် ကျေးရွာများတွင် နေထိုင်သည့်ပြည်သူများအနေဖြင့် မိကျောင်းများ မိတ်လိုက်၊ အသိုက်ကိုက်၊ သားပေါက်ရာသီတွင် အထူးသတိပြုနေထိုင်ကြရန် လိုအပ်ကြောင်း မိန်းမလှကျွန်း ဘေးမဲ့တောအုပ်ချုပ်ရေးအဖွဲ့မှ သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
မိကျောင်းများသည် မတ်လမှဇွန်လအထိ မိတ်လိုက်ကြပြီး ဇူလိုင်နှင့် ဩဂုတ်လတွင် အသိုက်ပြုလုပ်ကာ စက်တင်ဘာလနှင့် နိုဝင်ဘာလတွင် သားပေါက်ကြကြောင်း သိရသည်။
အဆိုပါ အချိန်ကာလများတွင် မိကျောင်းများက လူများကို ရန်လို၊ ရန်ပြုတတ်ခြင်းကြောင့် မိကျောင်းအန္တရာယ် သတိပြုနေထိုင်လုပ်ကိုင်ကြရန် လိုအပ်ကြောင်း သိရသည်။
“မိကျောင်းတွေမိတ်လိုက်၊ အသိုက်လုပ်၊ သားပေါက်တဲ့ကာလမှာ မိန်းမလှကျွန်းနဲ့ ဆက်စပ်နေရာတွေမှာ နေထိုင်တဲ့ပြည်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ လိုအပ်ပါတယ်။ အဲ့ဒီလို ကာလတွေမှာ ချောင်းစပ်တွေ၊ မြောင်းတွေမှာ အိမ်မွေးတိရစ္ဆာန်တွေ လွှတ်ကြောင်းတာ၊ ငါးဖမ်းတာ၊ ရေချိုးတာကို အထူးသတိပြုလုပ်ဆောင်ကြဖို့ လိုပါတယ်။ ပြည်သူတွေ သတိ ထားနေထိုင် လုပ်ကိုင်နိုင်စေဖို့ အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်။ သတိပေးဆိုင်းဘုတ်တွေလည်း စိုက်ထူသတိပေးထားသလို အသံချဲ့တွေအသုံးပြုပြီးတော့လည်း လိုက်လံကြေညာနေတယ်။” ဟု မိန်းမလှကျွန်း ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါကာလအတွင်း မိန်းမလှကျွန်းဘေးမဲ့တော၌ မိကျောင်းများ အန္တရာယ်ပြုမခံရစေရန်၊ ရေချိုးဆိပ်ရှိသည့် ကျေးရွာများတွင် ရေချိုးလျှင်သတိပြုရန်၊ သားငါးရှာထွက်ခြင်း၊ ရေချိုးခြင်းတို့ကို သတိဖြင့်သွားလာလုပ်ကိုင်ကြရန်၊ လူအများနှင့်နီးစပ်သည့် ကျေးရွာများသို့ မိကျောင်းများရောက်ရှိလာလျှင် သက်ဆိုင်ရာကိုအကြောင်းကြပေးရန် လိုအပ် ကြောင်း သိရသည်။
“မိကျောင်းအန္တရာယ် သတိပေးချက်ဆိုင်းဘုတ်တွေကို နေရာတော်တော်များများမှာ စိုက်ထူထားတာတွေ့တယ်။ တချို့ကလည်း မိကျောင်းအန္တရာယ်ကို တော်တော်လေးကြောက် နေတယ်။ ကျွန်မတို့လည်း မသွားရဲမလာရဲဖြစ်နေတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မိကျောင်းအကိုက်ခံရလို့ အမျိုးသားတစ်ဦးသေဆုံးသွားတယ်။” ဟု မိန်းမလှကျွန်း တောအနီး နေထိုင်သူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မခင်ပပလှိုင်နှင့် ကိုရဲနောင်ထွန်းတို့ လင်မယားနှစ်ဦး မိကျောင်းအကိုက်ခံရသဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။
ဘောဂဝတီရွာတွင် လွန်ခဲ့သည့်နှစ်များကလည်း ကျောင်းသားတစ်ဦးနှင့် အသက် ၁၃ နှစ်အရွယ် မစံပယ်အေး ရေခပ်နေချိန် မိကျောင်းကိုက်ခံရသလို၊ ကိုသန့်ဇော်ဦးဆိုသူလည်း မိကျောင်းကိုက်ခံခဲ့ရကြောင်း သိရသည်။
ထို့အပြင် ကျေးရွာနီးချင်းဖြစ်သည့် လှေလုံးကွဲရွာတွင်လည်း မိကျောင်းကိုက်ခံရသဖြင့် ဆေးရုံတက်ကုသရသူများလည်းရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဝဏ္ဏ
မိန်းမလှကျွန်းနှင့် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများ ယခုကာလတွင် မိကျောင်းအန္တရာယ် သတိပြုရန်လိုအပ် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်