ရန်ကုန်၊ စက်တင်ဘာ ၁၈
စစ်ကိုင်တိုင်း၊ ရေဦးခရိုင်၊ တန့်ဆည်မြို့နယ်နှင့် ကလေးဝမြို့နယ်တို့ကို ဆက်သွယ်ထားသည့် မဟာမြိုင်လမ်းအား ယမန်နေ့ နေ့လည်ပိုင်းမှစ၍ အတက်ကားများ ပြန်လည်သွားလာ နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်၊ နေ့လည် ၁ နာရီခွဲကျော်က ပြန်လည်သွားလာနိုင်ခြင်းဖြစ်ပြီး အဆိုပါလမ်းသည် ၃ ရက်ကျော်ကြာ သွားလာရန်ခက်ခဲနေပြီး ယာဥ်ကြောပိတ်ဆို့ ခဲ့ခြင်းဖြစ်သည်။
“ အတက်ကားတွေ စလွှတ်ပါပြီ၊ ၁၅ မိနစ်စီခြားပြီး အစင်း ၃၀ စီ ထွက်ခွင့်ရတယ်၊ ပျဥ်းကိုင်းမှာတော့ အဆင်းကား ၂၀၀ လောက်ရှိတဲ့အနက်က ၈၀ လောက်ကျန်နေသေးတယ်။” ဟု ကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၄ ရက်က မဟာမြိုင်လမ်း ၅၆ မိုင်၌ ကားတစ်စင်း ဗွက်နစ်ပြီး လဲလုလုဖြစ်နေချိန် နောက်မှ ၁၂ ဘီးကားက ဘေးမှကွင်းပြီး ကျော် တက်ရာ ကားမှာလဲကျသွားကြောင်း သိရသည်။
ထို့အပြင် ၅၂ မိုင်တွင်လည်း ကားတစ်စီးလဲနေပြီး အလားတူ ပျဥ်းကိုင်းအတက်တွင်လည်း ကားတစ်စီးလဲနေသောကြောင့် ပျဥ်းကိုင်းတောင်ပေါ်သို့ ကားများအတက်မခံတော့ပဲ လမ်းများခတ္တပိတ်ထားခဲ့ရကြောင်း သိရသည်။
မဟာမြိုင်ကားလမ်း၌ ပိတ်နေသည့် ကုန်ကားကြီးများအား စက်တင်ဘာ ၁၅ ရက်တွင် ရှင်းလင်းပြီးနောက် အဆင်းကားများအား အရင်ဆုံးလွှတ်ပေးမည်ဖြစ်ရာ ပိတ်မိနေသည့် အဆင်းကားများပြီးမှသာ အတက်ကားများပြန်လည် လွှတ်ပေးမည်ဟု ကုန်တင်ယာဥ်မောင်းများထံမှ သိရသည်။
ထို့နောက် ရာသီဥတုကောင်းမွန်လာပြီး မြေသားများ ခြောက်သွေ့လာသဖြင့် စက်တင်ဘာ ၁၆ ရက်၊ နံနက်တွင် ၅၆ မိုင်ပျဥ်းကိုင်းတောင်ပေါ်၌ ကျန်နေသည့် အတက်ကားအစီး ၄၀ မှာ ကလေးမြို့သို့ ထွက်ခွာသွားနိုင်ခဲ့ပြီး ပျဥ်းကိုင်းတွင် စောင့်ဆိုင်းနေသည့် အဆင်းကား ၉၀ စီးအား ဆက်လက်လွှတ်ခဲ့ရာ ၅၅ မိုင်၊ ၅၆ မိုင်၊ ၅၇ မိုင် ဗွက်တန်းများရှိရာ ခက်ခဲသော နေရာများအားကျော်၍ ၅၁ မိုင် တောင်ခြေကွန်ကရစ်လမ်းအစသို့ စတင်ရောက်ကြပြီဖြစ်ကြောင်း ဒေသခံ ကုန်တင်ယာဥ်မောင်းတစ်ဦးက လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေး သားဖော်ပြထားသည်။
ရာသီဥတု ဆိုးရွားသဖြင့် တောင်ပေါ်လမ်းနှင့် တောင်အောက်တို့တွင် ကားများ ရာချီကာပိတ်မိနေခဲ့ပြီးနောက် ယခု ပြန်လည်သွားလာနိုင်ချိန်တွင် မဟာမြိုင်လမ်း ၅၁ မိုင်မှ မယ် တော်တာဝါတိုင်အထိ ကားအစီး ၂၀၀ ခန့်ရှိနေပြီး ရာသီဥတုကောင်းမွန်ပါ တစ်ညလုံးသွားလာခွင့်ပြုမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဂျူဂျူး
ဓာတ်ပုံ – ကိုဖိုးတင်
မဟာမြိုင်လမ်း၌ အတက်ကားများ ပြန်လည်သွားလာနေပြီ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်