ရန်ကုန်၊ ဇူလိုင်- ၃၁
မလေးရှားနိုင်ငံ၌ Grab အငှားယာဉ်မောင်းတစ်ဦးကို သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာနှင့် အိန္ဒိယနိုင်ငံသား ၂ ဦးကို ကွာလာလမ်ပူမြို့ရှိ တရားရုံးချုပ်မှ သေဒဏ်ချ မှတ်ခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနများထံမှ သိရသည်။
အသက် ၃၈ နှစ်အရွယ် မြန်မာနိုင်ငံသား ဆွာလေးဆိုသူနှင့် အသက် ၂၈ နှစ်အရွယ် အိန္ဒိယနိုင်ငံသား ဂါးလ်ပရတ်ဆင်းဂ်ဆိုသူတို့ကို လူသတ်မှုဖြင့် စွဲချက်တင်ကာ လာရန်းပြည်နယ် အထက်တရားရုံးချုပ်မှ တရားသူကြီးက ဇူလိုင် ၂၉ ရက်က အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်က မလေးရှားနိုင်ငံမှ Grab အငှားကားမောင်းတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် ၎င်း၏ကားပေါ်တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီးနောက် ၎င်း တို့နှစ်ဦးအား လူသတ်တရာခံအဖြစ် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သော်လည်း ယာဉ်မောင်းဖြစ်သူ သတ်ဖြတ်ခံခဲ့ရသည့် ကား၏နောက်ခန်းတွင် ၎င်းတို့နှစ်ဦး၏ DNA များကို တွေ့ရှိခဲ့သဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် စွဲချက်တင်ကာ ငါးနှစ်အကြာတွင် သေဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
သေဒဏ်ချမှတ်ခံခဲ့ရသည့် မြန်မာနိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသားတို့ကို ခုခံကာကွယ်ခွင့်ပေးသွားမည်မဟုတ်ဘဲ ပြစ်ဒဏ်အပေါ် အယူခံဝင်ခွင့်မရှိကြောင်း သိရသည်။
လင်းခေါင်
Photo: TheSunDaily
မလေးရှား၌ အငှားယာဉ်မောင်းကို သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာနှင့် အိန္ဒိယနိုင်ငံသား ၂ ဦးကို သေဒဏ်ချမှတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်