ရန်ကုန်၊ မတ်လ ၁ ရက်
မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများ ဒဏ်ငွေဆောင်ပြီး တစ်လအတွင်း မလေးရှားနိုင်ငံမှ ထွက်ခွာသွားရန် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ မြန်မာသံရုံး၏ အသိပေးချက်အရ သိရသည်။
ယနေ့ မေလ ၁ ရက်မှစတင်ကာ မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအပါအဝင် အခြားနိုင်ငံခြားသားများ မေလ ၃၁ ရက်နောက်ဆုံးထားပြီး ဒဏ်ငွေ မလေးရှားရင်းဂစ် ၅၀၀ ပေးဆောင်ပြီး မိမိတို့နိုင်ငံများသို့ ပြန်သွားရန် မလေးရှားအစိုးရက မြန်မာသံရုံးသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ အဲ့ဒီသတင်းတော့ကြားတယ်။ မလေးရှားကို နယ်စပ်မြို့တွေကတစ်ဆင့် တရားမဝင်သွားနေကြတဲ့ မြန်မာတွေများလာလို့ သူတို့ကိုတားတဲ့သဘောပေါ့။ ကျွန်တော်တို့က မလေးရှား အလုပ်ရှင်နဲ့ချိတ်ဆက်ပြီး တရားဝင်လုပ်သားခေါ်စာရမှ ဒီဘက်က လုပ်သားလွှတ်ပေးတာ။” ဟု ပြည်တွင်းရှိ ပြည်ပသို့ တရားဝင်လုပ်သားပို့ဆောင်နေသည့် အေဂျင်စီလုပ်ငန်း လုပ် ကိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မလေးရှားနိုင်ငံတွင် တရားမဝင်ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် မလေးရှားအစိုးရမှ ဖြေလျှော့ပေးနေသည့် သတ်မှတ်ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်နိုင်ရန်အတွက် နိုင်ငံကူးလက်မှတ်မရှိသူများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ကတ်ကို မြန်မာသံရုံးတွင် လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်မှုမှန်ကန်ပါက ကတ်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စများနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက မြန်မာသံရုံး၏ WHATSAPP no. + 601125105774 သို့ ဆက်သွယ်ဆောင် ရွက်နိုင်ကြောင်း သိရသည်။
အောင်သူရိန်
ဓါတ်ပုံ – CJ
မလေးရှားတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသားများ ဒဏ်ငွေဆောင်ပြီး တစ်လအတွင်းထွက်ခွာကြရန် မြန်မာသံရုံး အသိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်