မလေးရှားတွင်နေထိုင်သော မြန်မာမိသားစုဝင်ငါးဦး ပျောက်ဆုံးနေမှုမှာ တစ်လကြာနေ သော်လည်း အခြေနေများတိုးတက်မှုမရှိ ဟုဆို

ကွာလာလမ်ပူ၊ ဩဂုတ် ၅

မလေးရှားနိုင်ငံရှိ မြန်မာအရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ မသူဇာမောင်နှင့် ၎င်း၏မိသားစုဝင်များ ပျောက်ဆုံးနေသည်မှာ တစ်လရှိပြီဖြစ်သော်လည်း အခြေအနေများတိုး တက်မှုမရှိသေးကြောင်း Amnesty International အဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

မသူဇာမောင်နှင့် ခင်ပွန်း၊ သားသမီးများသည် ပြီးခဲ့သောဇူလိုင် ၄ ရက်နေ့တွင် ကွာလာလမ်ပူမြို့ရှိ ၎င်းတို့နေအိမ်မှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ရုပ်သံမှတ်တမ်းများတွင် ကားဖြင့်လာရောက်ခေါ်ဆောင်သူနှင့် တစ်နာရီကျော်ကြာ စကားပြောပြီးနောက် လိုက်ပါသွားခဲ့ရာမှ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

မသူဇာမောင်အပြင် ခင်ပွန်းဖြစ်သူ၊ သားသမီးသုံးဦးတို့ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးမှုသည် တစ်လကြာနေပြီဖြစ်သော်လည်း မသူဇာနှင့် မိသားစုဝင်များ မည့်သည့်နေရာတွင် ရောက်ရှိနေသည်ဆိုသောအချက်ကို အသေးစိတ်မသိရသေးကြောင်း Amnesty International အဖွဲ့ကပြောသည်။

အဆိုပါအဖွဲ့က မလေးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာလာသူများအပါအဝင် နိုင်ငံအတွင်းနေထိုင်နေသူအားလုံး ဘေးကင်းလုံခြုံမှုများဖြစ်အောင် လုပ်ဆောင်ပေး ရမည်ဖြစ်ကြောင်း တိုက်တွန်းတောင်းဆိုထားသည်။

မသူဇာမောင်နှင့် မိသားစုဝင်များ၏ကံကြမ္မာနှင့် မည့်သည်နေရာတွင်ရှိနေသည်ဆိုသောအချက်ကို မလေးရှားအစိုးရအာဏာပိုင်များက ထုတ်ပြန်ပေးစေလိုကြောင်း Amnesty International အဖွဲ့ကဆိုသည်။

မသူဇာမောင်တို့ မိသားစုကို ခေါ်ဆောင်သွားသူများသည် ရာဇဝတ်မှုကျူးလွန်သည့် ပုံစံမျိုးရှိနေမည်ဆိုလျှင် စုံစမ်းစစ်ဆေးပေးရမည်ဖြစ်ကြောင်း Amnesty International က ပြောသည်။

မသူဇာမောင်၏ မိတ်ဆွေသူငယ်များက မသူဇာမောင်နှင့် ၎င်း၏မိသားစုဝင်များ ပျောက်ဆုံးနေခြင်းသည် ဒီမိုကရေစီအရေးလှုပ်ရှားမှုများနှင့် ဆက်နွယ်ဖွယ်ရှိနေကြောင်း၊ ၎င်းသည် Myanmar Muslim Refugee အဖွဲ့အစည်း ပူးတွဲတည်ထောင်သူဖြစ်သလို Myanmar Migrant Workers Committee ၏ ဥက္ကဌလည်းဖြစ်ကြောင်း သိရသည်။

မသူဇာမောင်သည် ၂၀၁၅ ခုနှစ်တွင် မလေးရှားနိုင်ငံသို့ထွက်ပြေးလာခဲ့ပြီး ကုလသမဂ္ဂဒုက္ခသည်များ အဆင့်မြင့်ကော်ရှင်နာရုံး၏ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူလည်း ဖြစ်သည်။

ကောင်းထက်ငွေ

amnesty.org

#ယနေ့ခေတ်

မလေးရှားတွင်နေထိုင်သော မြန်မာမိသားစုဝင်ငါးဦး ပျောက်ဆုံးနေမှုမှာ တစ်လကြာနေ သော်လည်း အခြေနေများတိုးတက်မှုမရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.