ရန်ကုန်၊ အောက်တိုဘာ ၁၇
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး-မြစ်ကြီးနားကားလမ်းပေါ်၌ ယမန်နေ့က မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ ဖြတ်သန်းမောင်းနှင်လာသည့် တွဲကားတစ်စီးအား ထိမှန်၍ ယာဉ်နောက်လိုက် အမျိုးသားတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ညနေ ၅ နာရီခွဲတွင် သပိတ်ကျင်းမြို့နယ်၊ ပေါက်တပင်ကျေးရွာနှင့် ရွှေကျွန်းပင်ကျေးရွာအကြား၊ မန္တလေး-ဗန်းမော်-မြစ်ကြီးနားကားလမ်းပေါ်တွင် မိုင်းနှစ်လုံးပေါက်ကွဲခဲ့ ကြောင်း သိရသည်။
ထိုသို့ မိုင်းပေါက်ကွဲစဉ် မန္တလေးမှ မြစ်ကြီးနားသို့ ကုန်များတင်ဆောင်၍ မောင်းနှင်လာသော ၂၂ ဘီးတွဲကားအားထိမှန်ကာ ယာဉ်ပေါ်ပါ ယာဉ်နောက်လိုက်မှာ မိုင်းစထိမှန်ဒဏ်ရာများ ရရှိ၍ နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။
“ ကားလမ်းရဲ့အရှေ့ဘက် ၅ ပေ အကွာလောက်ကနေ လမ်းဘေးမှာထောင်ထားတဲ့ မိုင်း ၂ လုံးပေါက်ကွဲတော့ ဖြတ်မောင်းလာတဲ့တွဲကားကို ထိမှန်သွားတာ။ ယာဉ်နောက်လိုက် သေ ဆုံးသွားပြီး တွဲကားလည်း ပျက်စီးသွားတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူ ယာဉ်နောက်လိုက်မှာ မတ္တရာမြို့နယ်တွင်နေထိုင်သူ အသက် ၂၂ နှစ်အရွယ် အမျိုးသားဖြစ်ကာ ဦးခေါင်း၊ နားနှင့် နောက်ကျောဖောက်ဝင် ဒဏ်ရာရရှိခဲ့ပြီး တွဲကားမှာ ရှေ့ဘီးပွင့်ထွက်၍ ဆီတိုင်ကီပျက်စီးခဲ့ကြောင်း သိရသည်။
သေဆုံးသူအား သပိတ်ကျင်းဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ကားလမ်းပေါ်၌ မည်သည့်အဖွဲ့က မိုင်းထောင်ခဲ့သည်ကို မသိရကြောင်း ဒေသခံများက ပြောသည်။
အလားတူ ပြီးခဲ့သည့်အောက်တိုဘာ ၁၃ ရက်ကလည်း တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ လယ်တောင်ယာရွာနှင့် တမုတ်ချုံရွာအကြား မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါလမ်းပေါ် ဖြတ်သန်းမောင်းနှင်လာသော မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ်အားထိမှန်ခဲ့ပြီး ယာဉ်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မောင်ဇော်
ဓာတ်ပုံ – စီဂျေ
မန္တလေး-မြစ်ကြီးနားကားလမ်းပေါ် မိုင်းကွဲမှုကြောင့် ယာဉ်နောက်လိုက်တစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်