ရန်ကုန်၊ ဒီဇင်ဘာ ၃၀
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၌ ယမန်နေ့ ညနေပိုင်းက အမျိုးသမီးဒုရဲအုပ်တစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ ညနေ ၄ နာရီခွဲက ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ လုပ်ငန်းပြီးစီး၍ အမှတ် ၃ နယ်မြေရဲစခန်းသို့ ဆိုင်ကယ်စီးနင်းကာပြန်လာသော အမျိုးသမီးဒုရဲအုပ်တစ်ဦးမှာ လမ်း ၈၀ နှင့် ၂၉ လမ်းထောင့်အရောက်၌ အမည်မသိအမျိုးသားတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ အမှတ် ၃ နယ်မြေရဲစခန်းကနေ ချမ်းအေးသာစံမြို့နယ်မှူးရုံးမှာ ရုံးအလုပ်လုပ်ပြီးအပြန်မှာ ပစ်ခတ်ခံရတာ။ ဆေးရုံအရောက်မှာ သေဆုံးတယ်လို့ သိရပါတယ်” ဟု လုံခြုံရေးအဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပစ်ခတ်ခံရ၍ သေဆုံးသူမှာ အမှတ် (၃) နယ်မြေရဲစခန်းမှ အလုပ်သင် ဒုရဲအုပ် မေသဉ္ဇာဝင်းပြည့် (ခ) ဂျက်မ ဆိုသူဖြစ်ပြီး၊ ဝဲဘက်လည်ပင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိကာ မန္တလေးဆေးရုံကြီး၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အမျိုးသမီးဒုရဲအုပ်အား မည်သူက ပစ်ခတ်သွားသည်ကို မသိရသေးကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
ဓာတ်ပုံ – စီဂျေ
မန္တလေး၌ အမျိုးသမီးဒုရဲအုပ်တစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်