ရန်ကုန်၊ နိုဝင်ဘာ ၈
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၌ ယမန်နေ့ညနေပိုင်းက ဟိုတယ်တစ်လုံးအတွင်း မိုင်းပေါက်ကွဲ၍ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ညနေ ၄ နာရီခန့်က ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၃) ရပ်ကွက်၊ ၆၀ နှင့် ၁၀၇ လမ်းထောင့်ရှိ အမရာနဒီဟိုတယ်အတွင်းရှိ အခန်းတစ်ခန်းအနီးမှ ရီမုဖြင့်ထောင်ထား သည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“ အခန်းအမှတ် ၁၀၅ အနီးမှာ ရီမုမိုင်းပေါက်ကွဲမှုဖြစ်တာ။ တည်းခိုသူတွေထဲက ထားခဲ့တာဖြစ်နိုင်တယ်လို့တော့ ပြောတယ်။ လူထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူး။” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ပေါက်ကွဲမှုကြောင့် ဟိုတယ်၏အဆောက်အဦ နံရံများပွင့်ထွက်ခြင်း၊ ပြတင်းပေါက်မှန်များကွဲအက်ကာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဟိုတယ်အတွင်း မည်သူက ရီမုမိုင်းထားခဲ့သည်ကို မသိရကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၉ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ် (၈) ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Luxury Lounge ဟိုတယ်ရှိ ကောင်တာတွင် အမျိုသားနှစ်ဦးက လက်ဆွဲအိတ်တစ်လုံးထားရှိခဲ့ရာမှ ထိုအိတ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဟိုတယ်ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
မန္တလေး၌ ဟိုတယ်တစ်လုံးအတွင်း မိုင်းပေါက်ကွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်