မန္တလေး၌ လဝကရုံးအား လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ရာ ရုံးအနီး၌ ကျရောက်ပေါက်ကွဲ၍ ၇ ဦးဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၁၉

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ လဝကရုံးအား ယမန်နေ့ ညနေက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ ရုံးအနီးသို့ကျရောက်ပေါက်ကွဲ၍ စျေးရောင်းသူများအပါအဝင် ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ပရဟိတအသင်းတစ်သင်းထံမှ သိရသည်။

ယမန်နေ့၊ နေ့လည် ၃ နာရီခန့်က မန္တလေးမြို့၊ ချမ်းမြသာစည် (တောင်) ရပ်ကွက်ရှိ ချမ်းမြသာစည်မြို့နယ် လဝကရုံးရှေ့သို့ ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိ အမျိုးသားနှစ်ဦးရောက် ရှိလာပြီး လက်ပစ်ဗုံးတစ်လုံးပစ်ပေါက်၍ ထွက်ပြေးသွားကြောင်း သိရသည်။

“ အဲ့ဒီလက်ပစ်ဗုံးက ရုံးထဲကိုမကျဘဲ ရုံးနားက ဆိုင်ကယ်ရပ်နားရန်နေရာနားကို ကျသွားတာ။ အဲ့ဒီအချိန် အဲ့ဒီနားမှာရှိနေတဲ့ ဆိုင်ကယ်ရပ်နားခ ကောက်ခံသူရယ်၊ စျေးရောင်းတဲ့ စျေးသယ်တွေရယ်၊ လဝကရုံးကိုလာတဲ့သူတွေရယ် ဒဏ်ရာရတာပါ“ ဟု ဒေသတွင်း ပရဟိတအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လက်ပစ်ဗုံးကျရောက်ပေါက်ကွဲခဲ့၍ ထိုနေရာအနီးရှိ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၃ ဦး စုစုပေါင်း ၇ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း သိရသည်။ ဒဏ်ရာရ ရှိသူများသည် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါ လဝကရုံးအား လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခဲ့သူ အမျိုးသားနှစ်ဦးမှာ ထိုနေ့ ညနေပိုင်းက ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်(တောင်)ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကိုလည်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ထွက်ပြေးခဲ့ပြီး ထိုဖြစ်စဉ်တွင် ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။

မောင်ဇော်

ဓါတ်ပုံ – စီဂျေ

#ယနေ့ခေတ်

#ယနေ့ခေတ်

မန္တလေး၌ လဝကရုံးအား လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ရာ ရုံးအနီး၌ ကျရောက်ပေါက်ကွဲ၍ ၇ ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.