မန္တလေး၌ မျက်စိမျက်မှန် ကျွမ်းကျင်သူနှင့် မိသားစုဝင်နှစ်ဦး ဖမ်းဆီးကာ ဆေးခန်းကို ချိတ်ပိတ်

ရန်ကုန်၊ ဩဂုတ် ၂၄

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ယမန်နေ့က မျက်စိ/မျက်မှန် ကျွမ်းကျင်သူနှင့် မိသားစုဝင်နှစ်ဦးတို့ကို လုံခြုံရေးအဖွဲ့က ဖမ်းဆီးပြီးနောက် နေအိမ်အားချိတ်ပိတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်က အောင်မြေသာစံမြို့နယ်၊ လမ်း ၈၀ / ၈၁ လမ်းကြားနှင့် ၂၄ လမ်းထောင့်၊ ကျုံးဘေး၌ဖွင့်လှစ်ထားသည့် တက်နေလင်း မျက်စိမျက်မှန် စမ်းသပ် ခန်းသို့ လုံခြုံရေးအဖွဲ့များရောက်ရှိလာကာ စမ်းသပ်ခန်းပိုင်ရှင် မျက်စိ/မျက်မှန်ကျွမ်းကျင်သူ ဦးမြသန်း၊ ၎င်း၏ဇနီး အဝေးသင်တွဲဖက်ပါမောက္ခ ဒေါ်မြင့်မြတ်ခိုင်နှင့် မိသားစုဝင် အမျိုးသားတစ်ဦး စုစုပေါင်းသုံးဦးတို့အား ဖမ်းဆီးကာ နေအိမ်အားချိတ်ပိတ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ဆရာရဲ့ ဇနီးက CDM လုပ်ထားတာဆိုတော့ အဲ့တာကြောင့်ဖမ်းတာလားတော့ မသိဘူး။ ဆရာတို့မိသားစုက အေးအေးချမ်းချမ်းနေတဲ့သူတွေပါ “ ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် မိသားစုဝင်အချို့မှာ PDF အဖွဲ့များအား ငွေကြေးထောက်ပံ့မှုများပြုလုပ်နေ၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းနေသောကြောင့် ဖမ်းဆီးကာ နေအိမ် ချိတ်ပိတ်ရခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက တယ်လီဂရန်တွင်ရေးသားထားသော်လည်း ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိပေ။

မန္တလေးမြို့၌ ယခုလအတွင်း PDF အဖွဲ့အား ငွေကြေးထောက်ပံ့သည်ဆိုကာ ဖမ်းဆီး၍ နေအိမ်ချိတ်ပိတ်မှုများ ခပ်စိပ်စိပ်ဖြစ်နေကြောင်း မြို့ခံများက ပြောသည်။

ဩဂုတ် ၁၃ ရက်က ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ လမ်း ၈၀ နှင့် ၈၁ ကြားရှိ အောင်မြန်မာစာရေးကိရိယာဆိုင်ပိုင်ရှင် အပါအဝင် အမျိုးသမီးကြီး ၄ ဦးမှာ PDF အဖွဲ့အား ငွေ ကြေးထောက်ပံ့သည်ဆိုကာ ဖမ်းဆီးခံရပြီး ပေ ၃၀/ ပေ ၈၀ မြေကွက်ပေါ်ရှိ RC သုံးထပ်တိုက် (ကာလတန်ဖိုး ကျပ်သိန်းနှစ်သောင်းခွဲခန့် တန်ဖိုးရှိ) ခြံနှင့် နေအိမ်တို့ကို ချိတ်ပိတ် သိမ်းဆည်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

မောင်ဇော်

ဓါတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မန္တလေး၌ မျက်စိမျက်မှန် ကျွမ်းကျင်သူနှင့် မိသားစုဝင်နှစ်ဦး ဖမ်းဆီးကာ ဆေးခန်းကို ချိတ်ပိတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.