ရန်ကုန်၊ စက်တင်ဘာ ၂၅
မန္တလေးမြို့၌ ဖွင့်လှစ်ထားသည့် TEL ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် မဟာ ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ယနေ့နံနက်ပိုင်းက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရကာ ကျောင်းရှေ့ရပ်ထားသည့် ကားတစ်စီး အနည်းငယ်ပျက်စီးခဲ့ပြီး မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးနှစ်လုံးအား တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့နံနက် ၇ နာရီကျော်က မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ အရှေ့ရပ်ကွက်၊ ၈၁ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်း ကြားတွင် ဖွင့်လှစ်ထားသည့် TEL ကိုယ်ပိုင်အထက်တန်း ကျောင်းရှေ့သို့ ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ ရောက်ရှိလာကာ လက်ပစ်ဗုံးဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ လက်ပစ်ဗုံးမှာ ကျောင်းရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့၍ ကျောင်းရှေ့တွင်ရှိနေသူ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ ကျောင်းရှေ့တွင်ရပ်ထား သည့် ကားတစ်စီး၏မှန်များ ကွဲကြေပျက်စီးသွားကြောင်း သိရသည်။
“ ဒဏ်ရာရတဲ့သူက ကျောင်းရှေ့ဖြတ်လျှောက်လာရင်း ဒဏ်ရာရတာလို့တော့ ကနဦးသိရတယ်။ တင်ပါးဗုံးစထိမှန် ဒဏ်ရာရတာ။ မန္တလေးဆေးရုံကြီးမှာ ဆေးကုနေတယ်။ အသက် အန္တရာယ် မစိုးရိမ်ရဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ယနေ့နံနက် ၇ နာရီကျော်က ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ အကွက်(၄၇၉)၊ ရာမရပ်တွင် ဖွင့်လှစ်ထားသည့် မဟာကိုယ်ပိုင်အထက်တန်းကျောင်းအနီးသို့ အမည်မသိအမျိုးသား ၃ ဦး ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး အသင့်ယူဆောင်လာသော လက်ပစ်ဗုံးနှစ်လုံးဖြင့်ပစ်ပေါက်ကာ ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ ဗုံးနှစ်လုံးမှာ ကျောင်းဝန်းအတွင်း ကျရောက်ခဲ့သော်လည်း ပေါက်ကွဲမှုမရှိဘဲ လုံခြုံရေးအဖွဲ့များ ရောက်ရှိလာကာ ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဖြစ်စဉ်နှစ်ခုနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာမရရှိကြောင်း သိရပြီး ဗုံးဖြင့်ပစ်ခတ်သူများမှာလည်း ထွက်ပြေးသွား၍ ဖမ်းဆီးရမိခြင်းမရှိ ကြောင်း သိရသည်။
မောင်ဇော်
ဓာတ်ပုံ – စီဂျေ
မန္တလေး၌ ကိုယ်ပိုင်အထက်တန်းကျောင်းနှစ်ကျောင်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ၍ တစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်