မန္တလေးမှရွှေဆိုင် ရွှေတစ်ပိဿာကျော် ဓားပြတိုက်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ယနေ့ ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ရွှေဆိုင်တစ်ဆိုင် ဓားမြတိုက်ခံရပြီး ရွှေတစ်ပိဿာကျော်ပါသွားကြောင်း မန္တလေးမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အမည်မသိအမျိုးသားနှစ်ဦးသည် ၇၇ လမ်း၊ ၃၂x၃၃ ကြားရှိ နဂါးနန်းတော်ရွှေဆိုင်သို့ 110 wave ဆိုင်ကယ်စိမ်း/ဖြူရောင်ဖြင့်ရောက်လာပြီး သေနတ်အတိုတစ်လက်၊ အရှည်တစ်လက်ကိုင်ဆောင်ကာ ဓားပြတိုက်ယူသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီမနက်‌ပိုင်းလောက်ကဖြစ်သွားတာ။ ရွှေတစ်ပိသာကျော်ပါသွားတယ်လို့ သိရတယ်။ ပြီးတော့ ပိုက်ဆံလည်းပါသွားတယ်လို့ပြောတယ်။” ဟု မန္တလေးမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လတ်တလောတွင် အနီးအနားရှိဘဏ်များကို ခေတ္တပိတ်ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးနေကြောင်း သိရသည်။

ယခုနှစ်အတွင်း မန္တလေးမြို့ရှိရွှေဆိုင်များ မကြာခဏဓားမြတိုက် လုယက်ခံရမှုများရှိလာသည့်အတွက် ရွှေဆိုင်များတွင် လုံခြုံရေးသတိပေးစက်များတပ်ဆင်ရန် အသိပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် အကယ်ဒမီရွှေစင်ရွှေဆိုင် ရွှေလေးပိဿာခန့် ဓားပြတိုက်ခံရပြီး၊ ယခုအကြိမ်သည် မန္တလေးမြို့ တွင် တစ်ပတ်အတွင်း ရွှေဆိုင်နှစ်ဆိုင် ဓားမြတိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – Kyaw Gyi MDY

မန္တလေးမှရွှေဆိုင် ရွှေတစ်ပိဿာကျော် ဓားပြတိုက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.