မန္တလေးမြို့ပေါ် တစ်နေရာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

ရန်ကုန်၊ အောက်တိုဘာ ၂

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၌ ယနေ့နံနက်အစောပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ လူနေအိမ်နှစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့နံနက် ၄ နာရီကျော်က ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၇၄ လမ်းနှင့် ၇၅လမ်း၊ ၂၆လမ်းနှင့် ၂၇ လမ်းကြား စော်ဘွားဝန်းအတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး နံဘေးရှိ နေအိမ်သို့ပါ ကျည်စများထိမှန်ခဲ့ကြောင်း သိရသည်။

“ လူနေထိုင်ခြင်းမရှိတဲ့ အိမ်ပေါ်ကို လက်နက်ကြီးကျည်ကျပြီး ဘေးအိမ်ကိုပါ ကျည်ထိမှန်တာ။ အသံကတော့ တော်တော်ကျယ်တယ်။ မြို့ပေါ်တိုက်ပွဲလည်းမရှိဘဲ ဘယ်ကကျလာ တာလဲတော့ မသိဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့် နေအိမ်မှာ အလျား ၁၅ ပေ၊ အနံ ပေ ၆၀၊ အမြင့်ပေ ၃၀ ရှိသော RC နှစ်ထပ်တိုက် အမျိုးအစားဖြစ်ပြီး နေအိမ်အရှေ့ဘက် ခေါင်မိုး ပေါ်သို့ ကျည်ကျရောက်ပေါက်ကွဲ၍ ခေါင်မိုး ၈ ပေ ၆ ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါနေအိမ်၏ဘေး ယာဘက်ကပ်လျက်ရှိ နေအိမ်သို့ပါ ကျည်စထိမှန်ခဲ့၍ အိမ်ခေါင်မိုးပျက်စီးခြင်း၊ ပေါက်ကွဲစဉ် တုန်ခါမှုကြောင့် အိမ်အနောက်ဘက်ရှိ အိမ်သာသုံး ရေကန် ကွဲအက်ပျက်စီးခြင်း၊ အိမ်ရှေ့တွင်ရပ်ထားသော တိုယိုတာ Ractis အမျိုးအစား မော်တော်ယာဉ်၏ ရှေ့ဘက်မှန် ကွဲအက်ပျက်စီးခြင်းနှင့် အိမ်ရှေ့ဓါတ််တိုင်မှ ပေ ၈၀ ခန့် မီးကြိုးသုံးကြိုးတို့ ပျက်ကျပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာ မရကြောင်း ကနဦးသတင်းများအရ သိရသည်။ မန္တလေးမြို့ပေါ်၌ ယမန်နေ့ညက တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ မည်သည့်အဖွဲ့က မည်သည့်အတွက် ကြောင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ကို မသိရသေးကြောင်း ဒေသခံများက ပြောကြားသည်။

မောင်ဇော်

ဓါတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မန္တလေးမြို့ပေါ် တစ်နေရာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.