မန္တလေးတွင် ရဲအယောင်ဆောင်သူလူတစ်စုက ပန်းတိမ်ဆိုင်အား ဓါးပြတိုက်

ရန်ကုန်၊ မတ် ၂၉

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက ရဲအယောင်ဆောင်သူလူတစ်စုက ပန်းတိမ်ဆိုင်ဖွင့်လှစ်ထားသည့်နေအိမ်အား စစ်ဆေးရန်ရှိသည်ဆိုကာ ဝင်ရောက်၍ ဓါးပြတိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ညနေ ၅ နာရီခန့်က အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ ၂၂ လမ်း၊ ၈၉ လမ်းနှင့် လမ်း ၉၀ အကြားရှိ လင်းလက်ဝါ ရွှေပန်းတိမ်ဆိုင်သို့ ရဲအယောင်ဆောင်သူ အမျိုးသားလေးဦးရောက်ရှိလာကာ စစ်ဆေးရန်ရှိသည်ဆိုပြီး နေအိမ်အတွင်းဝင်ရောက်စစ်ဆေးကာ အိမ်အပေါ်ဆုံးထပ်အရောက်တွင် ရွှေပန်းတိမ်အပ်ထည်များဖြစ်သည့် အ ထည်ပြုလုပ်ပြီး နားကပ်၊ ကလစ်နှင့် ရွှေထည်မျိုးစုံအားယူဆောင်ကာ သေနတ်ပစ်ဖောက်၍ ထွက်ပြေးသွားကြောင်း သိရသည်။

“ သူတို့က မတ်တူးအမျိုးအစားကားနဲ့ ပန်းထိမ်လုပ်ငန်းလုပ်တဲ့အိမ်ကို ရောက်လာတာ။ စစ်ဆေးစရာရှိလို့ဆိုတော့ အိမ်ရှင်အမျိုသမီးက တံခါးဖွင့်ပေးပြီး သူ့သားနဲ့အတူ သူတို့လေးယောက်က အိမ်ထဲကိုဝင်ရှာတဲ့ပုံစံမျိုးလုပ်တယ်လို့ သိရတယ်။ တစ်ခန်းဝင်၊ တစ်ခန်းထွက်စစ်ဆေးပြီး နောက်ဆုံး အိမ်အပေါ်ထပ်က ပန်းထိမ်အခန်းထဲအရောက် ရွှေထည်တွေကို လုယက်၊ သေနတ်ဖောက်ပြီး ထွက်ပြေးသွားတာ။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ရဲအယောင်ဆောင်ကာ ဓါးပြတိုက်သူလေးဦးမှာ ခန့်မှန်းအသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားများဖြစ်ပြီး ဓါးပြတိုက်ပြီးနောက် ၂၂ လမ်းအတိုင်း မော်တော်ယာဉ်အားမောင်းနှင်ကာ ထွက်ပြေးသွားကြောင်း သိရသည်။

ဓါးပြတိုက်သူလေးဦးအား ယနေ့နံနက်ပိုင်းအထိ ဖမ်းမမိသေးဘဲ ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မတ် ၂၅ ရက်နေ့ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၃ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ KBZ ဘဏ်အား လက်နက်ကိုင်ဆောင်လာသည့် အမျိုး သားသုံးဦးက ဓါးပြတိုက်ကာ ကျပ်သိန်း ၂၀၀၀ ကျော်အားယူဆောင်သွားပြီး ၎င်းတို့အား ယနေ့အထိဖမ်းမမိသေးကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မန္တလေးတွင် ရဲအယောင်ဆောင်သူလူတစ်စုက ပန်းတိမ်ဆိုင်အား ဓါးပြတိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.