မန္တလေးတွင် ယာယီရွက်ဖျင်တဲ​​ပေါ် ကုက္ကိုလ်ပင်လဲကျ သားအဖနှစ်ဦးသေဆုံး

ရန်ကုန်၊ ​မေ ၁၈

မန္တ​လေးတိုင်း​ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၄၁ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ အဘယာရာမ ရွှေဂူကျောင်းတိုက်ရှိ ငလျင်ဘေးသင့်များနေထိုင်သည့် ယာယီရွက်ဖျင်တဲ​​ပေါ်သို့ ​မေ ၁၈ ရက်၊ နံနက် ၀၀ နာရီ ၃၀ မိနစ်က မိုးသည်းစွာရွာသွန်းမှုကြောင့် လုံးပတ် ၅ ပေခန့်၊  အရှည် ၄၀ ပေခန့်ရှိ နှစ်ချို့ကုက္ကိုလ်ပင်သည် အပင်မြစ်ခြေမှလန်၍လဲကျရာ သားအဖနှစ်ဦး​သေဆုံးခဲ့​ကြောင်း သိရသည်။

အဘယာရာမရွှေဂူကျောင်းတိုက်ရှိ ငလျင်ဘေးသင့် ယာယီကယ်ဆယ်​ရေးရွက်ဖျင်တဲ​​​နေ ​​လေးနှစ်ဝန်းကျင်က​လေးငယ်တစ်ဦးနှင့် အသက် ၄၀ နှစ်(ခန့်မှန်း)အရွယ်ဖခင်တို့ ​နေရာ၌ သေဆုံးသွား​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ​မေ ၁၈ ရက်​နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

“ နှစ်ချို့ကုက္ကိုလ်ပင်လဲကျလို့ သားအဖနှစ်ဦး ​နေရာမှာ​သေဆုံးသွားကြပါတယ်။ မန္တ​လေးမှာ ငလျင်လှုပ်ခတ်မှု​ကြောင့် ​နေရပ်​ရွေ့​ပြောင်းပြီး ယာယီ​နေထိုင်တဲ့ ရွက်ဖျင်တဲထဲမှာ​နေသူပါ။ ယခင်ရက်ပိုင်းကလဲ မန္တလေးမှာ မိုးလေသည်းထန်ထားပါတယ်။ အဲဒီရက်ပိုင်းကလဲ သစ်ကိုင်းတွေကျိုးကျပါသေးတယ်။ မိုးကြီး​ရေလျှံပြီး မြေပျော့နေတာ။ ငလျင်လှုပ်ခတ်ထားတာ​နဲ့ မိုးရွာတာကြောင့် နှစ်ချို့သစ်ပင်လဲသွားတာ” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ နှစ်ချို့ကုက္ကိုလ်ပင်လဲကျပြီး ယာယီရွက်ဖျင်တဲ​​အောက်ပိမိ​သူ သားအဖနှစ်ဦးအား ကယ်ဆယ်ရေးအဖွဲ့များက လဲကျနေသည့်သစ်ပင်ကို ရှင်းလင်းပြီး ရုပ်အလောင်းကို ကယ်ထုတ်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ​သေဆုံးသူဖခင်ဖြစ်သူနှင့် သမီးဖြစ်သူတို့၏ ရုပ်အ​​လောင်းများကို မိုဃ်းကောင်းရသ လူမှုကူညီရေးအသင်း၏ သူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံးကြီးသို့ ကူညီပို့ဆောင်ပေးခဲ့​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – MFSD နှင့် မဏီစလ

ယနေ့ခေတ်

မန္တလေးတွင် ယာယီရွက်ဖျင်တဲ​​ပေါ် ကုက္ကိုလ်ပင်လဲကျ သားအဖနှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.