မန္တလေးတိုင်း ကျန်းမာရေးဦးစီးဌာနရုံး လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်ခံရ၍ ၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁

မန္တလေးတိုင်း ကျန်းမာရေးဦးစီးဌာနရုံးအတွင်းသို့ ယမန်နေ့က အမျိုးသား ၂ ဦး က လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ခဲ့၍ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး အပါအဝင် ရုံးအတွင်းရှိ ကျန်းမာရေးဝန်ထမ်း အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နေ့လည် ၁ နာရီခွဲက ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ လမ်း ၇၀ ၊ ၂၇ နှင့် ၂၈ လမ်းကြားရှိ တိုင်းကျန်းမာရေးဦးစီးဌာနရုံးသို့ အမည်မသိအမျိုးသား ၂ ဦး ဆိုင်ကယ်တစ်စီးဖြင့် ဝင်ရောက်လာပြီး လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ သူတို့က ရုပ်ဆိုးပုံစံ ဆိုင်ကယ်တစ်စီးကို ၂ ယောက်အတူတူစီးပြီး ရုံးထဲဝင်လာတာ၊ ရုံးထဲရောက်တော့ ဆင်ဝင်အောက်ကို လက်ပစ်ဗုံးတစ်လုံး၊ ဆင်ဝင် နောက်ဘက်ကပ်လျက်မှာ ရှိတဲ့ ရုံးစာအဝင်/အထွက်လက်ခံတဲ့ အခန်းထဲကိုတစ်လုံး စုစုပေါင်းနှစ်လုံးပစ်ပြီး ထွက်ပြေးသွားတာ” ဟု ဖြစ်စဉ်အားသိရှိသူ ဒေသခံတစ်ဦးက ပြောသည်။

ရုံးအတွင်း လက်ပစ်ဗုံးပေါက်ကွဲခဲ့၍ ကျန်းမာရေးဝန်ထမ်းများဖြစ်သော အသက် ၅၄ နှစ်အရွယ် လက်ထောက်ညွှန်ကြားရေးမှူး အမျိုးသမီးတစ်ဦး အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ကာ ကျန်ဝန်ထမ်းအမျိုးသမီးလေးဦးမှာ ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့၍ မန္တလေးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ဗုံးဖြင့်ပစ်ခတ်ခဲ့သူနှစ်ဦးကို ဖမ်းဆီးရ မိခြင်းမရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်ကလည်း ချမ်းမြသာစည်မြို့နယ်ရှိ လဝကရုံးသို့ ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိအမျိုးသားနှစ်ဦး ရောက်ရှိလာပြီး လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ခဲ့ ရာ ရုံးအနီးကျရောက်ပေါက်ကွဲ၍ စျေးရောင်းသူများအပါအဝင် ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

မောင်ဇော်

ဓါတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မန္တလေးတိုင်း ကျန်းမာရေးဦးစီးဌာနရုံး လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်ခံရ၍ ၅ ဦး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.