ရန်ကုန်၊ နိုဝင်ဘာ ၂၃
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်(အနောက်ခြမ်း)တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်သောင်းချီသည် အကူအညီများအရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။
မတ္တရာမြို့နယ်(အနောက်ခြမ်း)တွင် ပြီးခဲ့သည့်နိုဝင်ဘာ ၉ ရက်မှစတင်ကာ နစကတပ်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှုကြောင့် ဒေသတွင်းလက်နက်ကိုင်ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားသဖြင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် သောင်းချီအထိရှိလာပြီး လက်ရှိတိုက်ပွဲအခြေအနေမှပိုမိုပြင်းထန်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူက ပြောသည်။
“အခုက မတ္တရာမြို့နယ်(အနောက်ခြမ်းရှိ) ကျေးရွာတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေရတာ။ စစ်ဘေးရှောင် သောင်းနဲ့ချီ ရှိနေပါတယ်။ ကလေးတွေနဲ့ သက်ကြီးအဖိုးအဖွားတွေလည်းပါတယ်။ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်နဲ့ စောင်တွေ အဓိကလိုအပ်နေတယ်။ တောတောင်တွေထဲမှာနေတဲ့သူတွေများတယ်။” ဟု အဆိုပါပုဂ္ဂိုလ်က ဆက်ပြောသည်။
အဆိုပါ ဒေသခံစစ်ဘေးရှောင်များသည် မတ္တရာမြို့နယ်(အနောက်ခြမ်း)မှ ဧရာဝတီမြစ်ကမ်းဘေးရှိ သဖန်းဒေါင့်၊ ငယ်တိုး၊ ဆောက်ခြုံပေါက်၊ အောက်တောင်ကိုင်းအပါအဝင် မြစ်ရိုးတလျှောက်မှ ဒေသခံအများဆုံး တိမ်းရှောင်နေရကြောင်း သိရသည်။
#ခန့်ခန့်
ဓာတ်ပုံ – KK
#ယနေ့ခေတ်
မတ္တရာမြို့နယ်မှ စစ်ဘေးရှောင်သောင်းချီ အကူအညီလိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်