ဘီးလင်း၊ မေ ၂၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နှင့် သထုံမြို့ကြား ရန်ကုန်-မော်လမြိုင်ကားလမ်းမရှိ မစောတံတား၏ မြေသားလမ်းလွဲက(ယာယီ) မေ ၂၇ ရက်(ယနေ့) နံနက် ၇ နာရီမှစတင်၍ မော်တော်ယာဥ်များ ဖြတ်သန်းမောင်းနှင်ခွင့်ပြုလိုက်ကြောင်း ဘီးလင်းမြို့နယ် တံတားဆောက်လုပ်ရေးက သိရသည်။
“ ဒီနေ့ မနက် ၇ နာရီကနေစတင်ပြီးတော့ မစောတံတား မြေသားလမ်းလွဲကနေ (ယာယီ) ကားကြီး၊ ကားသေး၊ ဆိုင်ကယ်တွေ ဖြတ်သန်းမောင်းနှင်ခွင့်ပြုလိုက်ပါတယ်။ တံတားဆောက်လုပ်ရေးကိစ္စက သက်ဆိုင်ရာက ညှိနှိုင်းဆောင်ရခက်နေဆဲပါ။” ဟု ဘီးလင်းမြို့နယ် တံတားဆောက်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ မစောတံတားမိုင်းခွဲခံရပြီးနောက် ကားကြီးများဖြတ်သန်းသွားလာနိုင်ရန်အတွက် ယာယီမြေသားလမ်းလွှဲကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မစောတံတား၏ မြေသားလမ်းလွှဲကမောင်းနိုင်ဖို့ တစ်ဖက်ကိုနာရီဝက်စီ အလှည့်ကျလွှတ်ပေးနေခြင်းဖြစ်ပြီး လက်ရှိကားကြီးများလည်း မောင်းနှင်နေကြပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မစောတံတားကို မေ ၂၃ ရက်၊ နံနက် ၅ နာရီက မိုင်းခွဲခံရပြီးပျက်စီးသွားခဲ့ရာ ယင်းတံတားဘက်ခြမ်းက ကားအသေးများသာ ဖြတ်သန်းခွင့်ပြုခဲ့ပြီးနောက် ယနေ့မှစပြီး မိနစ် ၃၀ ကြာတစ်ကြိမ် အလှည့်ကျဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။
အရှည်ပေ ၁၀၀ ကျော်နှင့် အကျယ် ၂၄ ပေရှိ မစောတံတားသည် အောက်ခြေပိုင်းကနေ မိုင်းခွဲခံရခြင်းကြောင့် တံတားတစ်ခုလုံးနီးပါး ပြိုကျပျက်စီးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – ဘီးလင်းမြို့နယ် တံတားဆောက်လုပ်ရေး
မစောတံတား မြေသားလမ်းလွှဲက (ယာယီ) ကားများဖြတ်သန်းခွင့်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်