မင်္ဂလာဒုံမြို့နယ် ယာဥ်တိုက်မှုဖြစ်စဥ်မှ ကယ်ဆယ်လိုက်နိုင်သည့် Grade – 1 ကျောင်းသူသေဆုံး

ရန်ကုန်၊ ဩဂုတ် – ၄

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၌ ကားချင်းရှောင်ရာမှ ယာဥ်တိုက်မှုဖြစ်ပွားခဲ့သည့်ဖြစ်စဥ်တွင် ကားအောက်မှ ပြန်လည်ကယ်ဆယ်လိုက်နိုင်သည့် ကလေးငယ်မှာ ယနေ့နံနက်အစော ပိုင်းက သေဆုံးသွားကြောင်း ဒေသခံပရဟိတအသင်းမှ သိရသည်။

ဩဂုတ်လ ၂ ရက်၊ နံနက် ၈ နာရီဝန်းကျင်က မင်္ဂလာဒုံမြို့နယ်၊ ပျဥ်းမပင်မှတ်တိုင်အနီး ပြည်လမ်းမပေါ်၌ ပဲခူး-ရန်ကုန်ပြေးဆွဲနေသော လိုင်းကားတစ်စီးက ပရိုဘောက်ယာဥ်အား ရှောင်ရာမှ လမ်းသွယ်မှထွက်လာသော ဆိုင်ကယ်အားဝင်တိုက်ခဲ့ပြီး အုတ်နံရံနှင့်ထပ်မံဝင်တိုက်ခဲ့သဖြင့် ဆိုင်ကယ်ယာဥ်မောင်းနှင့် ဆိုင်ကယ်ပေါ်ပါ ၈ တန်းကျောင်းသူတစ်ဦး နေရာ တွင်သေဆုံးခဲ့ပြီး မူလတန်းကျောင်းသူတစ်ဦးအား ကားအောက်မှ ခက်ခဲစွာထုတ်ယူနိုင်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ခရီးသည် ၁၀ ဦးခန့်လည်း ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြောင်း သိရသည်။

“ ကလေးက ဖြစ်တဲ့နေ့တည်းက အခြေအနေသိပ်မကောင်းဘူး၊ ထိခိုက်ဒဏ်ရာတွေက ပြင်းထန်တယ်။ ကလေးက သတိအရမ်းရှိတာရယ်၊ ကယ်ဆယ်ပေးတဲ့သူတွေက ဂရုတစိုက်ရှိ တာရယ်ကြောင့် အချိန်မီလွတ်မြောက်ခဲ့တာပါ” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

ယာဥ်တိုက်မှုကြောင့် ကားအောက်မှအချိန်မီကယ်ဆယ်လိုက်နိုင်သည့် အသက် ၈ နှစ်အရွယ်ရှိ Grade – 1 ကျောင်းသူ မယွန်းပြည့်ပြည့်အောင်မှာ ဦးခေါင်းထိခိုက်ဒဏ်ရာ၊ ခြေလက် အရိုးကျိုးဒဏ်ရာ၊ ကိုယ်တွင်းထိခိုက်ဒဏ်ရာများရရှိခဲ့သောကြောင့် မြောက်ဥက္ကလာဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဥ် ဩဂုတ်လ ၄ ရက်၊ နံနက် ၅ နာရီခွဲဝန်းကျင်တွင် ကွယ် လွန်သွားကြောင်း သိရသည်။

နေပိုင်ဇော်

ဓာတ်ပုံ – Htin Lin Aung ( FB )

#ယနေ့ခေတ်

မင်္ဂလာဒုံမြို့နယ် ယာဥ်တိုက်မှုဖြစ်စဥ်မှ ကယ်ဆယ်လိုက်နိုင်သည့် Grade – 1 ကျောင်းသူသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.