ရန်ကုန်၊ အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်တစ်ဦး နေရာတွင်သေဆုံးကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၇ ရက်၊ နံနက် ၇ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမ၊ OPT Power ဆီဆိုင်အနီးတွင် ရွှေမန္တလာ ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းပဲ အလုပ် ဖယ်ရီကားနှင့် Probox ကားအားဝင်တိုက်ခဲ့ပြီး အမျိုးသမီးသုံးဦး သေဆုံးပြီး၊ ၁၉ ဦးဒဏ်ရာရရှိကြောင်း ပုလဲမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“အမှတ် ၃ လမ်းမ၊ OPT Power ဆီဆိုင်ရှေ့မှာ Light Truck ယာဉ်တစ်စီးက ဆီဆိုင်ဘက်ကို ချိုးဝင်ဖို့လုပ်နေတဲ့အချိန်မဝင်ပဲ၊ ရှေ့ကိုနည်းနည်းမောင်းတယ်။ ကွေ့ဖို့ရပ်လိုက်တဲ့ အချိန်မှာ အနောက်ကနေကပ်လိုက်လာတဲ့ ဖယ်ရီကားကလဲ လိုက်ရပ်လိုက်တယ်။ ရပ်လိုက်တဲ့အချိန်မှာပဲ နောက်ကပါလာတဲ့ ရွေမန္တလာကားက အရှိန်မထိန်းနိုင်ပဲ ဘရိတ်ပေါက်ပြီး ဖယ်ရီကားကိုဝင်တိုက်တယ်။ ပြီးတော့ ဖယ်ရီကားက ညာဘက်ကိုကျသွားတယ်။ အဲ့အချိန်မှာပဲ တစ်ဖက်ယာဉ်ကြောကနေလာတဲ့ Probox ကားကို ထက်တိုက်တယ်ပေါ့။ ဖယ်ရီ ကားပေါ်မှာ အမျိုးသမီး ၁၆ ဦးနဲ့ အမျိုးသားသုံးဦးပါတယ်။ ၁၉ ဦးလုံး ဒဏ်ရာရတယ်။ Probox ကားပေါ်ကနေမှ အခင်းဖြစ်ဖြစ်ချင်းနေရာမှာပဲ အမျိုးသမီးနှစ်ဦးနဲ့ အသက်နှစ်နှစ် အရွယ် ကလေးတစ်ဦး ဆုံးသွားတယ်။” ဟု ပုလဲမီးသတ်တပ်ဖွဲ့မှာ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
သေဆုံးသူ သုံးဦးနှင့် ဒဏ်ရာရရှိသူ ၁၉ ဦးတို့အား ပုလဲမီးသတ်တပ်ဖွဲ့မှ မြောက်ဥက္ကာလာပမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၅ ရက်နေ့ကလည်း မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး နေရာတွင်သေဆုံးခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- ပုလဲမီးသတ်တပ်ဖွဲ့
မင်္ဂလာဒုံမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွား အမျိုးသမီးသုံးဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်