မင်းပြားမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျ ဆိပ်ခံတား ရေထဲမျောပါ

မင်းပြား၊ သြဂုတ် ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ကမ်းပါးပြိုကျခဲ့ပြီး ဆိပ်ခံတံတား ရေထဲမျောပါသွားသဖြင့် ဒေသခံများအခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

မင်းပြားမြို့နယ်၊ မင်းဘာကြီးရပ်ကွက်တွင် ရေကြီးပြီး တစ်ပတ်ခန့်အကြာ သြ ဂုတ် ၁၈ ရက်က မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ်းပါးပြိုကျသည့်အတွက် ဆိပ်ခံတံတားနှင့် ယာယီတည်ဆောက်ထားသည့်တံတားများ ရေထဲမျောပါပျက်စီးခဲ့ပြီး လူနေအိမ်ရာချီရှိသည့် ခြံစည်းရိုးအနီးအထိ ကမ်းပါးပြိုကျလာ ကြောင်း သိရသည်။

“ ကမ်းပါးပြိုကျမှုကြောင့် ဆိပ်ခံတံတားက မြစ်လယ်အတွင်းရောက်ရှိသွားတယ်။ ရပ်ကွက်နဲ့ ဆိပ်ခံတံတားက ပေ ၇၀ လောက်ဝေးကွာသွားပြီး။ အခု မြစ်ကမ်းပါးက ၁၀ ပေ လောက်အထိပြိုကျသွားတာ။ ဆိပ်ခံတံတားမရှိတော့ ဒေသခံတွေ အခက်အခဲတွေဖြစ်ကုန်ပြီ။” ဟု ဒေသခံရပ်မိရပ်ဖတစ်ဦးကပြောသည်။

လက်ရှိ ကမ်းပါးပြိုကျမှု ဆိုးရွားလာသည့်အတွက် မြစ်ကမ်းဘေးက နေအိမ်များနှင့် ကမ်းပါးပြိုကျသည့်နေရာ နီးကပ်လာသဖြင့် မြစ်ကမ်းပါးဆက်လက် ပြိုကျလာလျှင် နေအိမ် များ ရေထဲပါသွားနိုင်သည့်အခြေအနေ ဖြစ်ပေါ် နေကြောင်း ဒေသခံများထံမှ သိရသည်။

မင်းပြားမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်ကလည်း ရေကြီးရေလျှံမှုဖြစ်ပွားပြီး လူနေအိမ်ထောင်ချီ ရေနစ်မြုပ်ကာ စပါးခင်းများ၊ ငါးမွေးမြူ ရေးကန်များ ရေဝင် ရောက်ပျက်စီးမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် မေလ ၁၄ ရက်က တိုက်ခတ်သည့် မိုခါမုန်တိုင်းကြောင့်လည်း လူများသေဆုံးခြင်း၊ လူနေအိမ် ထောင်ချီပျက်စီးခြင်း၊ တရိစ္ဆာန်များသေဆုံးခြင်း၊ စပါးခင်းနှင့် ငါးကန်၊ ပုဇွန်ကန် ပျက်စီးခြင်းများလည်း ဖြစ်ပေါ် ခဲ့သေးကြောင်း သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

မင်းပြားမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျ ဆိပ်ခံတား ရေထဲမျောပါ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.