မကွေးတိုင်းတွင် စာသင်ကျောင်း ၃၁ ကျောင်း ယာယီပိတ်ထားရ

မကွေး၊ သြဂုတ် ၂၅

မကွေးတိုင်းတွင် မြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း ၃၁ကျောင်းကို ယာယီပိတ်ထားရကြောင်း မကွေးတိုင်းပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၂၂ ရက်မှစတင်ပြီး ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာကျောင်းများအတွင်း ရေဝင်ရောက်လာပြီး ရေဘေးအန္တရာယ်ရှိလာသဖြင့် သေင်ကြား ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် အဆင်မပြေသဖြင့် သြဂုတ် ၂၄ ရက်အထိ အခြေခံပညာကျောင်း ၃၁ ကျောင်းအား ယာယီပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းမှာ ပွင့်ဖြူ၊ ရေနံချောင်း၊ မင်းဘူးနှင့် စလင်းမြို့နယ်များမှ ကျောင်းများဖြစ်ပြီး ရေနံချောင်းမြို့နယ်မှ ၈ ကျောင်း၊ မင်းဘူးမြို့ နယ်မှ ၂ ကျောင်း၊ ပွင့်ဖြူ မြို့နယ်မှ ၆ ကျောင်း၊ စလင်းမြို့နယ်မှ ၁၅ ကျောင်းကို ပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။

” ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းတွေ ယာယီပိတ်ထားရတာ။ ပိတ်ရက်တစ်ပတ်လောက်ကြာနိုင်တယ်။ ပိတ်ထားရတဲ့ကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေအတွက် အစားထိုးပြန်လည်သင်ကြားနိုင်ဖို့ကိုလည်း စီစဉ်ထားပါတယ်။” ဟု မကွေးတိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မကွေးတိုင်းအတွင်း အခြေခံပညာကျောင်းပေါင်း ၄,၄၁၆ ကျောင်းရှိကြောင်း၊ လက်ရှိ ၃,၃၂၉ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၅ သိန်းကျော် တက်ရောက်ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။

ဧရာဝတီမြစ်ရေသည် မကွေးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် မြင့်တက်လျက်ရှိပြီး မကွေးတိုင်း၊ ဆိပ်သာမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ၁ လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၂ လက်မခန့် မြင့်တက်နိုင်သဖြင့် မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းစသည့်နေရာများတွင် နေထိုင်သူများအနေဖြင့် ရေကြီးမှုအန္တရာယ်အား သတိပြုနေထိုင်ကြ ရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်ကလည်း မိုးသည်းထန်စွာရွာသွန်းသည့်ဒဏ်ကြောင့် မြစ်ရေ၊ ချောင်းရေများ မြင့်တက်မှုခဲ့ပြီး မွန်၊ ကရင်၊ တနင်္သာရီ၊ ရခိုင်၊ ပဲခူးနှင့် မကွေးတိုင်းတို့၌ ရေကြီးနစ်မြှုပ်မှုများဖြစ်ပွားခဲ့သဖြင့် လူဦးရေ ၅ သောင်းနီးပါး ရေဘေးလွတ်ရာသို့ အရေးအပေါ် ရွေ့ပြောင်းနေထိုင်ခဲ့ရကြောင်း သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

မကွေးတိုင်းတွင် စာသင်ကျောင်း ၃၁ ကျောင်း ယာယီပိတ်ထားရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.