နယူးယောက်၊ မေ ၁၈
မက္ကဆီကိုရေတပ်လေ့ကျင့်ရေး ရွက်လှေကြီးတစ်စင်းသည် နယူးယောက်မြို့ ဘရွတ်ကလင်းတံတားကို ဝင်တိုက်မိရာ လူနှစ်ဦးသေဆုံးပြီး အနည်းဆုံး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နယူးယောက်မြို့တော်ဝန်က ပြောကြားသည်။
အဆိုပါ မတော်တဆမှုမတိုင်မီ စနေနေ့ညနေခင်းက Cuauhtémoc သင်္ဘောသည် လျှပ်စစ်မီးပျက်သွားခဲ့ကြောင်း အဲရစ် အက်ဒမ်က ပြောကြားသည်။
ချစ်ကြည်ရေးခရီး လည်ပတ်နေသည့် သင်္ဘောပေါ်တွင် လူ ၂၇၇ ဦးလိုက်ပါခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားသည်။
သင်္ဘောသည် စနေနေ့ညနေပိုင်းတွင် တံတားအောက်မှဖြတ်သန်းနေစဉ် မြင့်မားသောရွက်တိုင်များက တံတားကိုဝင်တိုက်မိကာ ရွက်တိုင်များပြတ်တောက်နေသည်ကို ဗီဒီယိုဖိုင်တွင်တွေ့ရှိရသည်။
မတော်တဆမှုဖြစ်ချိန်တွင် သင်္ဘောအမှုထမ်းများသည် ရွက်တိုင်များပေါ်တွင်ရပ်နေကြပြီး သင်္ဘောသားများအားလုံး ကုန်းပတ်ပေါ်သို့ ပြုတ်ကျသွားကြောင်း အာဏာပိုင်များကပြောကြားသည်။
စုစုပေါင်း လူ ၂၇၇ ဦးလိုက်ပါခဲ့သည့်သင်္ဘောပေါ်မှ လူနှစ်ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့ကာ ၎င်းတို့အနက်နှစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း နယူးယောက်မြို့၊ မြို့တော်ဝန် အဲရစ် အဒမ်စ်က X တွင် ရေးသားထားသည်။
ဘရွတ်ကလင်းတံတားသည် ကြီးကြီးမားမားထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း မြို့ တော်ဝန်က အစောပိုင်းတွင်ပြောကြားခဲ့ပြီး၊ အမေရိကန်အာဏာပိုင်များက ရေထဲသို့ပြုတ်ကျသူမရှိကြောင်း ပြောသည်။
မက္ကဆီကိုရေတပ်က အစောပိုင်းက ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့ကြောင်းပြောကြားပြီး အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
Cuauhtémoc ၏ရွက်တိုင်နှစ်ခု ပျက်စီးသွားခဲ့ပြီး သင်္ဘောပေါ်ရှိ အမှုထမ်းအားလုံးကို စာရင်းပြုစုထားကြောင်း နယူးယောက်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။
စက်ပိုင်းဆိုင်ရာပြဿနာဟုယူဆရပြီး တံတားနှင့် သင်္ဘောရွက်တိုင်တစ်ခုတိုက်မိသွားခြင်းကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်း နယူးယောက်ရဲဌာနမှ အကြီးအကဲတစ်ဦးက ပြောသည်။
Ref: BBC
မက္ကဆီကိုရေတပ်သင်္ဘော ဘရွတ်ကလင်းတံတားကိုဝင်တိုက် နှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်