ရန်ကုန်၊ အောက်တိုဘာ ၂၁
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၌ နှစ်လသားအရွယ်ကလေးငယ်နှင့် မိခင်တို့ နေအိမ်တွင်ရှိနေစဉ် အက်စစ်ဖြင့်ပက်ခံရ၍ သားအမိနှစ်ဦးစလုံး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဘုရားသုံးဆူ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အောက်တိုဘာ ၁၉ ရက်၊ ညနေ ၆ နာရီဝန်းကျင်က ဘုရားသုံးဆူမြို့၊ အမှတ် (၃) ရပ်ကွက်၊ တန်းလျားရှိ နေအိမ်တစ်လုံးတွင် အသက် ၂၆ နှစ်အရွယ်အမျိုးသမီးက သူမ၏ နှစ်လ သားအရွယ် ကလေးငယ်အား ရေချိုးပေးနေစဉ် အက်စစ်ဖြင့်ပက်ခံရခြင်းဟု သိရသည်။
“ ကလေးရော၊ ကလေးအမေရော နှစ်ယောက်လုံး ဒဏ်ရာရတယ်။ ဦးခေါင်းပေါ်က လောင်းချတဲ့ပုံစံပဲ။ လုပ်သွားတဲ့ သူပုံစံကို သူတို့ကတော့ အမျိုးမျိုးပြောကြတယ်။ လုပ်သွားတဲ့ သူက အမျိုးသမီးတဲ့။ သူကတော့ ထွက်ပြေးသွားတယ်။ ဘာ့ကြောင့်လုပ်သွားတယ်ဆိုတာတော့ သေချာမသိရသေးဘူး။” ဟု ဘုရားသုံးဆူ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အက်စစ်ဒဏ်ကြောင့် နှစ်လသားအရွယ်ကလေးငယ်တွင် မျက်စိထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိခင်တွင် လက်နှင့်ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်၌ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရ သည်။ လက်ရှိ၌ သားအမိနှစ်ဦးစလုံးမှာ ထိုင်းနိုင်ငံရှိ ဆေးရုံတစ်ရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့၌ လက်နက်ကိုင်အဖွဲ့အမျိုးမျိုး လှုပ်ရှားသွားလာလေ့ရှိကာ တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားလေ့ရှိနေပြီး အရပ်သားများ သတ်ဖြတ်ခံရမှု အပါအဝင် တရားဥပဒေစိုးမိုးမှုကင်းမဲ့သည့် ဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများက ပြောသည်။
မောင်ဇော်
ဓာတ်ပုံ – ဘုရားသုံးဆူလူမှုကယ်ဆယ်ရေးအဖွဲ့
ဘုရားသုံးဆူ၌ နှစ်လသားအရွယ် ကလေးငယ်နှင့် မိခင်တို့ အက်စစ်ဖြင့်ပက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်