ဘီးလင်းရှိ စာသင်ကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

ရန်ကုန်၊ ဩဂုတ် ၂၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာရှိ စာသင်ကျောင်းပေါ်သို့ ယမန်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးအနီးရှိ ဘီလင်းမြို့ နယ်၊ ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအနီးဝန်းကျင်၌ နှစ်ဖက်လက်နက်ကိုင်အ ဖွဲ့များ ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးနောက် စာသင်ကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ ကျောင်းစတက်ချိန် မနက်အစောပိုင်းဖြစ်တာရယ်၊ စာသင်ခန်းပေါ်မဟုတ်ပဲ မေးခွန်းထားတဲ့အခန်းပေါ် ကျတာဆိုတော့ ထိခိုက်သူတော့မရှိဘူး။ ကျောင်းဆောင်အမိုးနဲ့ မျက်နှာ ကြက်တွေပဲ ပျက်စီးသွားတယ်။ တန်ဖိုးကျပ်သိန်း ၂၀ ဖိုးလောက် ပျက်စီးသွားတယ်လို့ သိရတယ်။“ ဟု ဖြစ်စဉ်အားသိရှိသူ ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် စာသင်ကျောင်းအတွင်းရှိ နှစ်ထပ်အုတ်ညှပ် အဆောက်အဦးတစ်လုံး၏ အမိုးများပျက်စီးခဲ့ကြောင်းသိရ ပြီး ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ကျောင်းဆက်လက်ဖွင့်ထားသည်ဟု သိရသည်။

အဆိုပါဒေသ၌ နစကတပ်များနှင့် KNU, PDF အဖွဲ့များ စစ်ရေးတင်းမာလျက်ရှိကာ ယခုလအတွင်း တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲများ ဖြစ်ပွါးလျက်ရှိသော စစ်ကိုင်း၊ မကွေး၊ ချင်းနှင့် ကယားတို့တွင် နှစ်ဖက်ပစ်ခတ်မှုများကြောင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီးမှုရှိနေခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျည်ထိမှန်သေဆုံးမှုနှင့် ထွက်ပြေးတိမ်းရှောင်ရမှုများလည်းရှိကြောင်း ဒေသခံများက ပြောကြားသည်။

မောင်ဇော်

ဓါတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ဘီးလင်းရှိ စာသင်ကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.