ရန်ကုန်၊ မတ် ၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မီးရထားလမ်းကူးနေရာတွင် မတ် ၇ ရက်၊ မွန်းတည့် ၁၂ နာရီခန့်က မီးရထားနှင့်ဆိုင်ကယ်တိုက်မိရာမှ ဆိုင်ကယ်စီးသူအမျိုးသမီးတစ်ဦး နေရာ၌ သေဆုံးခဲ့ရကြောင်း မိုးကောင်း (RESCUE) လူမှုကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ ရထားလမ်းကို ဖြတ်မောင်းတဲ့ အမျိုးသမီးတစ်ဦးက ရထားအောက်ကို ဆိုင်ကယ်မရောက်ဘဲ လူရောက်သွားတော့ နေရာမှာပဲ သေဆုံးသွားပါတယ်။ ရထားလာနေတာ လွတ်မယ်ထင်ပြီး ဖြတ်ကူးတာဖြစ်မယ်။ ရထားကလဲ အရှိန်များပါတယ်။ ဆိုင်ကယ်တစ်ဦးတည်းစီးလာတာပါ။ သေဆုံးသွားတဲ့အမျိုးသမီးက စျေးရောင်းပြီး ငွေသိမ်းပြန်တာဖြစ်မယ်။ ဖုန်းကလဲ မှန်ကွဲကြေသွားပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို ဘီးလင်းပြည်သူဆေးရုံ(ရင်ခွဲရုံ)ကို ကူညီပို့ဆောင်ပေးခဲ့ပါတယ်။” ဟု မိုးကောင်း (RESCUE) လူမှုကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ရထားနှင့် ဆိုင်ကယ်တိုက်မိခဲ့သည့်နေရာသည် တောင်ကလေးကျေးရွာနှင့် တဘတ်ဆွဲကျေးရွာအား ပေါင်းကူးဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းမပေါ်ရှိ မီးရထားလမ်းကူးနေရာဖြစ်ကြောင်း သိရသည်။
သေဆုံးသူအမျိုးသမီးသည် အသက် ၃၀ နှစ်ခန့်အရွယ်ရှိပြီး၊ ဘီးလင်းမြို့နယ်တွင် နေထိုင်သူဖြစ်သည်။ သူမ၏ရုပ်အလောင်းကို မိုးကောင်း(RESCUE)လူမှုကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းက ဘီးလင်းပြည်သူဆေးရုံ(ရင်ခွဲရုံ)ကို ကူညီပို့ပေးခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – မိုးကောင်း(RESCUE)လူမှုကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်း
ဘီးလင်းမြို့နယ်တွင် ရထားနှင့်ဆိုင်ကယ်တိုက်မိ ဆိုင်ကယ်စီးသူအမျိုးသမီးတစ်ဦး နေရာ၌ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်