ဘီးလင်းတွင် လူနာတင်ယာဉ် ပစ်ခတ်ခံရ၊ ယာဉ်မောင်းနှင့် လူနာ ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ မတ် ၂၈

မွန်ပြည်နယ်၊ သထုံမြို့နယ်မှ ပရဟိတအသင်းတစ်သင်းသည် ယမန်နေ့ညက လူနာတင်ယာဉ်ဖြင့် ရန်ကုန်မြို့သို့ လူနာသွားရောက်ပို့ဆောင်စဉ် ဘီးလင်းမြို့နယ်၊ ကမာစိုင်ကျေးရွာအရောက်၌ အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မိုင်းဆွဲကာ သေနတ်ဖြင့်ဝိုင်းဝန်းပစ်ခတ်၍ လူနာတင်ယာဉ်မောင်းနှင့် လူနာတို့တွင် ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း အဆိုပါ ပရဟိတအသင်းထံမှ သိရသည်။

ယမန်နေ့ ညပိုင်းက သထုံဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပေးသောလူနာအား သထုံမြို့အခြေစိုက် အကြင်နာတွဲလက် ပရဟိတအသင်းမှ အသင်းသားများက လူနာတင်ယာဉ်ဖြင့် လိုက်လံပို့ဆောင်ပေးစဉ် ည ၈ နာရီခွဲခန့်တွင် ဘီးလင်းမြို့နယ်၊ ကမာစိုင်ကျေးရွာအရောက်၌ လူနာတင်ယာဉ်အား မိုင်းခွဲကာ၊ သေနတ်ဖြင့်ဝိုင်းဝန်းပစ်ခတ်ခံရကြောင်း အကြင်နာတွဲလက် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ ညက သထုံဆေးရုံကနေ ရန်ကုန်ကိုလွှဲတဲ့လူနာကို လိုက်ပို့ရင်း ဘီးလင်းအကျော် ကမာစိုင်အရောက်မှာဘဲ မိုင်းခွဲခံရတာ။ မိုင်းထိပြီးချိန် ကားကဆက်သွားသေးတယ်။ အဲ့ဒီအချိန်မှာ သေနတ်သံထွက်လာပြီးသူတို့ကပစ်တာ။ ယာဉ်မောင်းက မိုင်းစဖောက်ဝင် ဒဏ်ရာတွေရတယ်။ လူနာကတော့ သူဆေးကုမဲ့ ခြေထောက်နေရာကို ကျည်ရှပ်ထိသွားတယ်။ နှစ်ယောက်စလုံး အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ကားလည်း ပျက်စီးသွားတယ်။” ဟု ၎င်းကပြောကြားသည်။

အဆိုပါ လူနာတင်ယာဉ်ပေါ်တွင် လူနာ၊ လူနာ၏မိသားစုဝင်၊ ပရဟိတအသင်း၏ယာဉ်မောင်းနှင့် ကူညီသူတို့ စုစုပေါင်းခြောက်ဦးပါဝင်ကာ၊ ပစ်ခတ်ခံရ၍ ယာဉ်မောင်းတွင် မေ့စေ့အောက်၊ နံရိုး၊ နှားခေါင်းနှင့် တင်ပါးတို့တွင် မိုင်းစဖောက်ဝင်နှင့် ကျည်ရှပ်ထိသည့်ဒဏ်ရာတို့ရရှိကာ လူနာတွင် ခြေထောက်ကျည်ရှပ်ထိသည့် ဒဏ်ရာတို့ရရှိခဲ့ပြီး လူနာတင်ယာဉ်မှာလည်းပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူယာဉ်မောင်းမှာ သထုံဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကာ လူနာမှာ ယနေ့နေ့လည်တွင် ရန်ကုန်မြို့သို့ လာရောက်ကာ ဆေးကုသမှု ဆက်လက်ခံယူနေကြောင်း သိရသည်။

လူနာတင်ယာဉ်အား မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။

ထိုသို့ လူနာတင်ယာဉ်ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိမှုများ၊ ပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ ယနေ့မှစ၍ ညပိုင်းလူနာပို့ဆောင်သည့် ကူညီမှုများကို ရပ်နားထားမည်ဟု အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

“ ကျွန်တော်တို့အဖွဲ့က စေတနာထားပြီးလုပ်တယ်။ ကားပေါ်လည်း လူနာကိုပဲတင်တယ်။ ဒါတွေဖြစ်တော့ ကျွန်တော်တို့လည်း မရှိတဲ့ကြားကကူညီပေးနေတာ အခုလို လူတွေ၊ ကားတွေ ပျက်စီးသွားတော့ ကျွန်တော်တို့မှာ ကူညီဖို့အတွက်က အခက်အခဲတွေရှိသွားပြီ။ လူနာတစ်ခေါက်ထွက်တိုင်း ကားတစ်စီးပျက်စီးမယ်ဆိုရင် ကျွန်တော်တို့လည်း အဲ့လောက် မချမ်းသာဘူး။ ဒါ့ကြောင့် ညပိုင်းကို လူနာပို့တာရပ်နားထားလိုက်ပါပြီ။” ဟု ၎င်းကပြောကြားသည်။

ယခုလပိုင်းများအတွင်း မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ပရဟိတအဖွဲ့မှတာဝန်ရှိသူများ ဖမ်းဆီးခံရမှုနှင့် လူနာတင်ယာဉ်များ တိုက်ခိုက်ခံရမှုများ မကြာခဏဖြစ်နေ၍ အသက်အန္တရာယ်လုံခြုံရေး စိုးရိမ်ရကြောင်း ဒေသတွင်းပရဟိတအသင်းများမှ တာဝန်ရှိသူများက ဆိုသည်။

#မောင်ဇော်

ဓာတ်ပုံ – အကြင်နာတွဲလက် ပရဟိတအသင်း

#ယနေ့ခေတ်

ဘီးလင်းတွင် လူနာတင်ယာဉ် ပစ်ခတ်ခံရ၊ ယာဉ်မောင်းနှင့် လူနာ ပြင်းထန်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.